spot_img
26.4 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ တစ်လအတွင်း အရပ်သားနေအိမ် ၅၃ လုံး မီးရှို့ဖျက်ဆီးခံရ

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ တစ်လအတွင်း အရပ်သားနေအိမ် ၅၃ လုံး မီးရှို့ဖျက်ဆီးခံရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်း -ကရင်နီနယ်စပ်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း နေအိမ်ပေါင်း ၅၃ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) က ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းက မီးရှို့ခံရတဲ့ နေအိမ်တွေဟာ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ် PNO တို့ ပူးပေါင်း ဖျက်ဆီးမှုတွေကြောင့် ဖြစ်ပြီး အောက်တိုဘာလအတွင်း နေအိမ် မီးရှို့မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းက မြောက်စလုံးရွာ နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ ဘောရန်ကျေးရွာကို စစ်ကော်မရှင်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိမ်းရှောင်နေရတဲ့ စစ်ရှောင်လူထုတွေအတွက် လိုအပ်ချက်များစွာရှိနေသလို နေအိမ်မီးရှို့ခံရတဲ့သူတွေက ပိုခက်ခဲနေကြတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူ တစ်ဦးက အခုလိုပြောပါတယ်။

“အခုစစ်ရှောင်တွေက မြေပြင်မှာလိုအပ်ချက်များတာလည်း အကုန်သိကြတဲ့အတိုင်းပါပဲ။ တိုက်ပွဲကြောင်း စစ်ရှောင်ကြတာလည်း ရှိသလို နေအိမ် မီးရှို့လို့ တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေလည်း ရှိတာပေါ့။ အထူးသဖြင့် ဖယ်ခုံဖက်က မြောက်စလုံးတို့ရွာလိုပေါ့ ။ ခက်ခဲကြတာချင်းတူတယ်ဆိုပေမဲ့ ပြန်စရာအိမ်လုံးဝမရှိတဲ့ လူထုတွေဖက် တွေးကြည့်ရင်တော့ ပိုပြီး ခက်ခဲစေတာက တစ်ပိုင်းပေါ့။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ခေါက်ပလော့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်စာရင်းကိုတော့ မသိရှိရပါဘူး။

အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အပြင် ဘာသာ‌ရေး အဆောက်အဦး ၄ လုံးလည်း ပျက်စီးခဲ့တယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ