spot_img
26.4 C
Loikaw
Thursday 13, November 2025
spot_img
Home၂၀၂၅ ရွေးကောက်ပွဲစစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း သုံးခုလုံးက ၂၀၂၆ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာ ပြီးစီးမည်

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း သုံးခုလုံးက ၂၀၂၆ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာ ပြီးစီးမည်

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁)၊ အပိုင်း (၂) နဲ့ အပိုင်း (၃) တို့ကို ရက်သတ္တပတ် နှစ်ပတ်စီခြားပြီး ကျင်းပသွားမှာဖြစ်တာကြောင့် လာမယ့် ၂၀၂၆ခုနှစ် ဇန်နဝါရီလမကုန်ခင်မှာ သုံးပိုင်းလုံး ပြီးစီးမှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ အပိုင်း (၂) ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၊ အပိုင်း (၃) ကို အပိုင်း ၂ ရဲ့ နှစ်ပတ်ခြားအကြာမှာ ကျင်းပသွားမယ်လို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရုပ်သံကတဆင့် ပြောခဲ့ပါတယ်။

အာဏာသိမ်း ၄ နှစ်ကျော်အတွင်း နိုင်ငံအတွင်း လူထုတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ပိတ်ပင်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်တပ် လုပ်မယ့် ရွေးကောက်ပွဲကိုတော့ မဲပေးမှာမဟုတ်ကြောင်း ပထမဆုံးအကြိမ် မဲထည့်ရမယ့် အသက် ၂၂ နှစ်အရွယ် မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာ ကိုယ်နားလည်ထားတာကတော့ ပွင့်လင်းမြင်သာမှုရှိပြီးတော့ အားလုံးပါဝင်ခွင့်ရှိတယ်လို့ သိထားတယ်ပေါ့နော။ ဒီရွေးကောက်ပွဲ ကနေတစ်ဆင့် ကိုယ်လိုချင်တဲ့ အစိုးရကို မဲပေးရာကနေပြီး ရွေးချယ်တာပေါ့နော။ တိုင်းပြည်အခြေနေသာကောင်းပြီးတော့ ရွေး‌ကောက်ပွဲလုပ်မယ်ဆိုရင် လုပ်ချင်တယ်ပေါ့။ ကိုယ်က ပထမဆုံး မဲပေးရမဲ့ သူထဲမှာ ပါနေတယ်။ ဒါပေမဲ့ အခု စစ်ကော်မရှင်လုပ်မဲ့ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာအားလုံးအသိပဲလေး။” လို့ အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်က သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်အပါအဝင် နိုင်ငံတွင်းက နာမည်ကြီး အနုပညာရှင်တွေ၊ တေးသံရှင်တွေနဲ့ပါ စည်းရုံးလှုံ့ဆော်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ