ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတနေရာမှာ စစ်ကော်မရှင်နဲ့ PNO တို့ရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ အမျိုးသားနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသားနှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ တိုက်ပွဲအတွင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“လူသားဒိုင်း လုပ်ခံရတဲ့ ပြည်သူ နှစ်ဦးကို ကျနော်တို့ ကယ်ထုတ်နိုင်တာက ပြီးခဲ့တဲ့ ၁ ရက်နေ့ တိုက်ပွဲမှာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။
လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ အမျိုးသား နှစ်ဦးကတော့ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်မီရဲ့ ရွာ က ခွန်အောင်နဲ့ ခွန်ဝင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး တဦးရဲ့ ထွက်ဆိုချက်ကို ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ PNLA က အခုလို ထုတ်ပြန်ထားပါတယ်။
“PNOပြည်သူ့စစ်တွေက ကျနော်တို့ကို ပစ္စည်းသယ်ခိုင်းပြီး ရှေ့ဆုံးကနေ သွားခိုင်းတယ်။ ကျနော်တို့လည်း သွားရင်း တိုက်ပွဲဖြစ်တော့ နောက်ပြန်ဆုတ်လည်းမရတဲ့အခြေအနေဆိုတော့ ပိုနီးတဲ့ PNLA ဘက်ကို ထွက်ပြေးလာလိုက်တာ။ ကျနော်တို့ရွာက တရက် သုံးယောက် PNO တွေနဲ့ အတူသွားရတယ်။ ပစ္စည်းတွေ သယ်ရတယ်။ ထမင်းချက်ပေးရတယ်။ ရှေ့ဆုံးကနေ လမ်းကြောင်းထိုးပေးရတယ်။” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
စစ်ကော်မရှင် ၊ PNO ပြည်သူ့စစ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဇန်နဝါရီလအစောပိုင်းကတည်းက ဖြစ်ပြီး လက်ရှိထိ ဖြစ်ပွားနေဆဲလို့ ခွန်ရိန်းယံက အခုလို ဆက်ပြောပါတယ်။
“ဒီတိုက်ပွဲ ဖြစ်ပွားတဲ့နေရာက မောက်မယ်မြို့နယ်ထဲက ဟိုနမ့်ဒေသနဲ့ ကဒူးကြီးဒေသ ဖြစ်ပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒီကနေ့ထိလည်း တိုက်ပွဲက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ “ လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင် ၊ PNO ပြည်သူ့စစ်က လူထုတွေကို လူသားဒိုင်းလုပ်ကာ တောတောင်ထဲထိ စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အခုလို လူထုတွေကို လူသားဒိုင်း အဖြစ် အသုံးပြုတာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ခွန်ရိန်းယံက ပြောဆိုထားပါတယ်။




