ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ရှိနေတဲ့ အိမ်ထောင်စုတွေရဲ့ ထက်ဝက်ခန့်ဟာ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။
“ကျနော်တို့က အခုကအိမ်ပြန်ချင်တယ်။ အိမ်မပြန်ရဘူးဆိုတော့လည်း ကျနော်တို့ ဆန်လည်း မလုံလောက်ဘူးပေါ့နော။ ကျနော်တို့လည်း သားသမီးအတွက် စိတ်ပူရတယ်ပေါ့” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါစစ်ရှောင်စခန်းဟာ ဒေါငံခါး၊ နန်းမယ်ခုံ ဘက်က စစ်ရှောင်လာနေကြပြီး အိမ်ထောင်စုအားဖြင့် ၂၀၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။
စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ မြေနေရာတွေမရှိသလို၊ တနိုင်တပိုင် အိမ်မွေးတိရိစ္ဆာန်တွေကိုသာမွေးမြူထားနိုင်တာကြောင့် စားဝတ်နေရေးအခက်အခဲရှိနေကြတာပါ။
ယခုနှစ် ၂၀၂၆ ခုနှစ် အတွင်းမှာတော့ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးထောက်ပံ့တဲ့ အလှူရှင်တွေနည်းပါးလာပြီး တချို့ စစ်ရှောင် မိသားစုတွေဟာ ထမင်းနပ်လျော့စားနေရသလို ချေးငှားစားသောက်ရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“အလှူရှင်နည်းပါးလာတဲ့အခါကျတော့ ဒီလိုစားနပ်ရိက္ခာကို ထောက်ပံ့မယ့်အလှူရှင်က မရှိသလောက်ဖြစ်သွားတဲ့အခါမှာ ဒီလိုချေးစားရတဲ့သူတချို့လည်း ကလေးစားလောက်ရုံတမယ်လေးပဲ ချန်ထားပေးပြီး နှစ်နပ်လောက်စား၊ အဲ့တာမျိုးတွေလောက်ပဲကျန်တော့တာပေါ့”လို့ သူက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းဟာ အိမ်ခြေအားဖြင့် ၂၀၀ ဝန်းကျင်ရှိပြီး အခုလက်ရှိ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဆိုပါတယ်။






