spot_img
Homeသတင်းစစ်မြေပြင်အနီးက (၇)လကြာ အကူအညီပြတ်နေတဲ့ နတ်တောင်စစ်ရှောင်စခန်း

စစ်မြေပြင်အနီးက (၇)လကြာ အကူအညီပြတ်နေတဲ့ နတ်တောင်စစ်ရှောင်စခန်း

-

ကန္တာရဝတီတိုင်း(မ်)

မိုးရာသီဟာ သစ်ရွက်စိမ်းတွေနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ပြန်လည်စိမ်းလန်းလာစေခဲ့ပေမယ့် နတ်တောင်စစ်ရှောင်စခန်းက မိသားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကတော့ ပိုမိုလေးလံလာနေပါတယ်။

စစ်မြေပြင်နဲ့ နီးသထက်နီးကပ်လာတဲ့ နတ်တောင်စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ ဝန်းကျင်နဲ့ လူဦးရေ ၄၀၀ ကျော် နေထိုင်နေကြတာပါ။

အခုလို စစ်မြေပြင် နဲ့ ပိုမို နီးကပ်လာတာကြောင့်လည်း လုံခြုံရေး အန္တရယ် စိုးရိမ်မှုတွေရှိနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ မရောက်ရှိတာဟာ ခုနစ်လခန့်ဝန်းကျင် ရှိလို့ လာပါပြီ။

ပြီးခဲ့တဲ့ ယခင်နှစ်တွေမှာတော့ စစ်ရှောင် မိသားစုတချို့ဟာ အနီးအနားပတ်ဝန်းကျင်က ကျေးရွာတွေမှာ နေ့စားအလုပ်ကို လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့ကြတာပါ။

ဒီနှစ်မှာတော့ အနီးအနား ကျေးရွာက ဒေသခံတွေမှာလည်း ကိုယ်စီအခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့နည်းသွားပါတယ်။

“အရင်နှစ်ကဆိုရင် များသောအားဖြင့် နေ့စားနဲ့ပဲ ဖြေရှင်းနေကြရတာ များတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ဒေသခံတွေလည်း အခက်အခဲတွေ ကိုယ်စီရှိလာကြတော့ မငှားနိုင်ကြတော့ဘူး” လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဝင်ငွေလျော့နည်းလာတာနဲ့အမျှ စစ်ရှောင်စခန်းအတွင်းက မိသားစုတွေမှာလည်း နေ့စဉ်စားသောက်မှုကိုပါ လျှော့ချလာရပါတယ်။

အိမ်ထောင်စု ၄၀ ဝန်းကျင်လောက်ဟာ နီးစပ်ရာမှာ ချေးငှားပြီး ရပ်တည်နေရသလို၊ ထမင်းချက်တဲ့ပမာဏကိုပါ လျှော့ချစားသောက်နေရတယ်လို့ ဆိုပါတယ်။

“တချို့အိမ်တွေကတော့ ချွေတာပြီး စားနေရတယ်။ ထမင်းတွေ အလကားမဖြစ်အောင် ခါတိုင်း ငါးဗူးလောက်ချက်ရင် အခု လေးဗူးပဲ ချက်ပြီး လျှော့စားတာတွေ ရှိတယ်။ ဒီအခြေအနေမျိုးတွေက အိမ်ခြေ ၄၀၊ ၅၀ ဝန်းကျင်လောက်ထိ ရှိနေတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စားဝတ်နေရေးအပြင် စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ပြီးခဲ့တဲ့ ယခင်နှစ်ကလိုမျိုး စိုက်ပျိုးနိုင်မှုနှုန်းက ကျဆင်းနေတာပါ။

မိုးကျချိန်ရောက်လို့ စိုက်ပျိုးရာသီချိန် ဖြစ်ပေမယ့် လယ်စိုက်ဖို့ စက်ခ၊ မြေဩဇာခနဲ့ လယ်ငှားခတွေ မြင့်တက်လာတာကြောင့် မိသားစုအများအပြား ဟာ စိုက်ပျိုးဖို့ကို လက်လျှော့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က အိမ်ထောင်စု ၁၀၀ မှာ ၇၀ ကနေ ၈၀ ဝန်းကျင်အထိ စပါးစိုက်ပျိုးနိုင်ခဲ့ပေမယ့် ဒီကနှစ်မှာတော့ ထက်ဝက်ခန့်သာ စိုက်ပျိုးနိုင်တော့တယ်လို့ သူမက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ဆို အိမ်ခြေ ၁၀၀ မှာ အနည်းဆုံး ၇၀၊ ၈၀ လောက်က စိုက်ဖြစ်တယ်။ အများကြီးမဟုတ်ရင်တောင် ဧကဝက်လောက်တော့ ကြိုးစားစိုက်ကြတယ်။ ဒီနှစ်ကျတော့ အဲဒီလောက် မရှိတော့ဘူး။ ရာခိုင်နှုန်းဝက်လောက်တော့ မစိုက်နိုင်ကြတော့ဘူး။ စက်ခတွေ၊ မြေဩဇာခတွေ၊ လယ်ခတွေ ဈေးကြီးလာတော့ မစိုက်ဖြစ်တာ။ အလှူရှင်လည်း မလာဖြစ်တော့ ပိုပြီးတော့ အခက်အခဲဖြစ်တယ်” လို့ ပြောပါတယ်။

ရာသီဥတုကောင်းမွန်ရင် သီးနှံက အောင်နိုင်ပေမယ့် စိုက်ပျိုးဖို့ အရင်းအနှီးမရှိတဲ့ စစ်ရှောင်မိသားစုတွေအတွက်တော့ လယ်ယာဟာ မျှော်လင့်ချက်တစ်ခုဖြစ်သလို စိုးရိမ်စရာတစ်ခုလည်း ဖြစ်နေဆဲပါ။

အလှူရှင်တွေ မရောက်တာ ခုနှစ်လဝန်းကျင် ကြာလာချိန်မှာ နတ်တောင်စစ်ရှောင်စခန်းက စစ်ရှောင်မိသားစုတွေဟာ ချေးငှားခြင်း၊ လျှော့စားခြင်းနဲ့ လာမယ့် မနက်ဖြန်တွေကို ဖြတ်သန်းနေကြရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ