ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ဝက်နာကျမှုဖြစ်ကာ လက်ရှိအချိန်ထိ သေဆုံးမှုရှိနေဆဲဖြစ်ပြီး ၃လအတွင်း ဝက်အကောင်ရေ ၃၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းဥက္ကဌဆီကနေ သိရပါတယ်။
“စာရင်း အတိအကျတော့ ကျနော်တို့ မကောက်ထားဘူး။ ခန့်မှန်းခြေတော့ အကောင် ၃၀၀ လောက်ရှိနိုင်တယ်။” လို့ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းဥက္ကဌ ဦးစိုင်းလုံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်ဖြစ်ပွားကာ လက်ရှိအချိန်ထိ ၀က်သေဆုံးမှုရှိနေတာပါ။
အဆိုပါ ဝက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်နဲ့ တာဝန်ရှိသူတွေကို အကူအညီတောင်းပြီး စစ်ဆေးချက်အရ ဝက်သေဆုံးမှုဟာ သဘာဝအတိုင်း နေမကောင်းဖြစ်ကာ သေဆုံးမှုဖြစ်တယ်လို့ ဦးစိုင်းလုံက ဆက်ပြောပါတယ်။
“သူတို့ကိုမေးကြည့်တာတော့ ဒါ ဝက်ကာလ ဝက်ရဲ့ သဘောသဘာဝ ပါပဲလို့ ဘာမှ စိုးရိမ်စရာ တော့မရှိပါဘူး။လူကိုကူးစက်နိုင်တာမျိုးမရှိဘူးပြောပြီးပြန်တယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ လူထု စိတ်ချမ်းသာအောင်တော့ သေတဲ့ဝက်တွေကို စစ်ဆေးကြည့်ချင်တယ်။” လို့ သူက ဆိုပါတယ်။
၀က်သေဆုံးမှုနဲ့ဆက်စပ်ပြီး လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ထဲ ဝက်သားရောင်းဝယ်မှု အချိန်အကန့်သတ်မရှိ ယာယီပိတ်ပင်တာ၊ သေဆုံးသွားတဲ့ဝက် နဲ့ ဖျားနာတဲ့ ဝက်တွေကိုမရောင်းဖို့ စတာတွေကိုလည်း လက်ရှိအချိန်ထိ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စခန်းအတွင်းမှာတော့ မိသားစုသက်သာချောင်ချိရေးအတွက် ဝက်မွေးမြူရေးကို တပိုင်တနိုင်ရွေးချယ်လုပ်ဆောင်နေကြတာပါ။ အခုလို ကာလကြာ ဝက်သေဆုံးမှုများတဲ့ ဖြစ်စဥ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်နေရတာကြောင့် စခန်းနေ ၀က်မွေးမြူကြတဲ့ မိသားစုတွေအတွက် အခက်ခဲဖြစ်စေတယ်လို့ ပြောပါတယ်။






