ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက လမ်းပိုင်းတနေရာမှာ ဖြတ်သန်းသွားလာသူတွေကို စစ်အုပ်စုက ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဖရူဆိုဒေသခံတဦးက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၄၉နှစ်အရွယ် အမျိုးသားတဦးဖြစ်ပါတယ်။ ရင်ဘတ်ကို ဒရုန်းစ ထိမှန်ခဲ့တာဖြစ်ပြီး ဆေးရုံ အချိန်မီမပို့ဆောင်နိုင်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အခြားအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
” စစ်အုပ်စုတပ်က သွားလာတဲ့သူတွေကိုမြင်သွားတော့ ဒရုန်းနဲ့ကြဲတာ” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
လက်ရှိ ဒီးမော့ဆို – ဖရူဆိုပြည်ထောင်စုလမ်းမကြီးကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး အဆိုပါလမ်းပိုင်း နဲ့ လမ်းသွယ်နေရာတွေကို အမြဲဆိုသလို ဒရုန်းနဲ့ကင်းထောက်တာ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက ဖရူဆိုမြို့နယ်အတွင်း အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ ၊ တောင်ယာလုပ်ငန်းခွင်ဝင်နေကြတဲ့ တောင်သူရှိရာဖက်ကို ဇွန် ၊ ဇူလိုင်လအတွင်း ဒရုန်းနဲ့ကင်းထောက်ကာ ဗုံးကြဲမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိခဲ့သူတွေလည်း ရှိနေပါတယ်။
ဖရူဆို-ဘောလခဲလမ်းမကြီးတလျှောက်မှာ စစ်အုပ်စုတပ်က ခြေကုပ်စခန်းရယူထားသလို၊ စစ်ကြောင်းတွေနဲ့ စစ်ရေးလှုပ်ရှားမှုနေပြီး အရပ်သားရှိရာဖက်ကို ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပါတယ်။





