ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအပါအဝင် လူဦးရေ ၁၆၀ ခန့်ဟာ ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြပြီး စာသင်ကျောင်းကိုလည်း ပိတ်ထားရတယ်လို့ စစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌထံက သိရပါတယ်။
“တုပ်ကွေးပဲထင်တယ် ချောင်းဆိုးတယ် အယောက်တိုင်း ချောင်းဆိုးကြတယ်။ ဘုန်းကြီးလည်းပြောတယ် အခုဘုရားကျောင်းတက်တာ ကလေးကော လူကြီးကော အကုန်လုံး ချောင်းဆိုးတယ်။ တစ်ရွာလုံးဖြစ်ကြတယ်သူတို့စာရင်းပို့လာတာ။”လို့ စစ်ရှောင်ဥက္ကဌ ကဆိုပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေအရ စာသင်ကျောင်းတွေကို ယာယီပိတ်ထားပြီး ရောဂါသက်သာပျောက်ကင်းမှုအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကျေးရွာဟာ ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC )ဆေးခန်းက ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ နယ်မြေအတွင်း ပါဝင်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း လိုအပ်တဲ့ အရေးပေါ်ဆေးကုသမှုနဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ခံယူကြဖို့ KNHC က တိုက်တွန်းထားပါတယ်။
ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာတွေဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားတတ်ပြီး အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်အထိ ကြာမြင့်တတ်တယ်လို့ KNHC က ဆိုပါတယ်။
မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ကာကွယ်နိုင်ဖို့ သန့်ရှင်းတဲ့ရေကို ကျိုချက်သောက်သုံးတာ၊ ဆပ်ပြာနဲ့ စနစ်တကျ လက်ဆေးတာ၊ အမှည့်လွန်အသီးအနှံတွေကို ရှောင်ကြဉ်တာနဲ့ အစားအသောက်တွေကို ရေသန့်နဲ့ သေချာဆေးကြောပြီး ချက်ပြုတ်စားသုံးကြဖို့လည်း KNHC က တိုက်တွန်းထားပါတယ်။







