spot_img
Homeသတင်းစစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်အကြောင်း ဆောင်းပါးရေးသားခဲ့တဲ့ TIME မဂ္ဂဇင်းကို စစ်အစိုးရ ရှုတ်ချ

စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်အကြောင်း ဆောင်းပါးရေးသားခဲ့တဲ့ TIME မဂ္ဂဇင်းကို စစ်အစိုးရ ရှုတ်ချ

-

ကန္တာရဝတီတိုင်း ( မ် )

“Myanmar’s Dictator Wants to Rebuild Ties With the West”၊ “မြန်မာ့အာဏာရှင်သည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုနေသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ရှိသမ္မတတာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြောင်း ဆောင်းပါးတပုဒ်ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ဝေခဲ့ပြီးနောက် စစ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က အဲဒီနေ့မှာပဲ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုဆောင်းပါးရေးသားမှုအပေါ် အင်တာဗျူးမှာ မေးမြန်းဖြေကြားခဲ့တာတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ အခြားပုဂ္ဂိုလ်တွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေကို သုံးသပ်ချက်တွေနဲ့အတူ ထည့်သွင်းဖော်ပြထားပြီး အပြုသဘောမဆောင်တဲ့ ရေးသားဖော်ပြချက်တွေ ပါဝင်တာကြောင့် မီဒီယာကျင့်ဝတ်နဲ့ မကိုက်ညီဘူးလို့ စစ်အစိုးရဘက်က ဝေဖန်ထားပါတယ်။

TIME မဂ္ဂဇင်းသတင်းထောက် Charlie Campbell က အင်တာဗျူးပြုလုပ်ဖို့ မေတ္တာရပ်ခံအဆိုပြုခဲ့တာကို အပြုသဘောဆောင်တဲ့အနေနဲ့ လက်ခံခဲ့တာလို့ စစ်အစိုးရဘက်က ပြောပါတယ်။ ဒါပေမဲ့ အင်တာဗျူးအမေးအဖြေပုံစံနဲ့ မဖော်ပြဘဲ ဆောင်းပါးပုံစံနဲ့ ရေးသားခဲ့ပြီး အမှန်တကယ်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘူးလို့လည်း ဝေဖန်ပါတယ်။

ဆောင်းပါးမှာ စစ်ဦးထုပ်အောက်မှာ ဖုံးကွယ်ထားစရာမလိုတော့တဲ့ ပါးသွားပြီဖြစ်တဲ့ ဆံပင်စည်းကြောင်းကို ဖုံးဖိထားနိုင်ဖို့ မင်းအောင်လှိုင်က အင်တာဗျူးအတွက် ဓာတ်ပုံရိုက်ကူးရာမှာ ဘယ်ဘက်ခြမ်းကနေ အသားပေးအလင်းပေးပြီး အလင်းအမှောင် ချိန်ညှိမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ မိသားစုဝင်တွေအကြောင်း မေးမြန်းတဲ့အခါမှာတော့ မင်းအောင်လှိုင်ရဲ့ ဖော်ရွေပျူငှာမှုတွေ ပျောက်ကွယ်သွားတတ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က ဖြေကြားခဲ့ပါတယ်။

TIME မဂ္ဂဇင်းက “မြန်မာ့အနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးပြုလုပ်လိုကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးကတဆင့် စစ်အစိုးရကို အဆိုပြုခဲ့တာလို့လည်း ဆိုပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ