ကန္တာရဝတီတိုင်း(မ်)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ဖွဲ့စည်းရခြင်းဟာ နိုင်ငံရေးအာဏာခွဲဝေမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ထားတယ်လို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ဇူးပဒုမ္မာ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“အမျိုးသမီးမဏ္ဍိုင် ဖွဲ့စည်းခြင်းကို အမျိုးသမီးတွေအတွက် နေရာတနေရာရရှိလာတာလောက်နဲ့ မမြင်သင့်ဘူး။ ဒါဟာ SCEF ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဘယ်သူတွေက နိုင်ငံရေးအာဏာကို ပိုင်ဆိုင်ပြီး ဘယ်လိုပါဝင်ကြမလဲဆိုတဲ့ နိုင်ငံရေးဆက်ဆံရေးကို ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု လို့ မြင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးမဏ္ဍိုင်ဟာ SCEF အတွင်း အမျိုးသမီးတွေကို အပေါ်ယံသဘော (အလှဆင်) အဖြစ် ထည့်ထားတဲ့ မဏ္ဍိုင်မဟုတ်ဘဲ နိုင်ငံရေးအာဏာခွဲဝေမှုမှာ အမျိုးသမီးတွေရဲ့ တန်းတူပါဝင်မှုကို အဖွဲ့အစည်းဆိုင်ရာအရ အသိအမှတ်ပြုထားတဲ့ မဏ္ဍိုင်ဖြစ်ပါတယ်။ တနည်းအားဖြင့် အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးရုံကနေ အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ ဆုံးဖြတ်ချက်ချမှတ်သူ၊ နိုင်ငံရေးအာဏာရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် သတ်မှတ်လာတာဖြစ်ပါတယ်။ ” လို့ ဒေါ်ဇူးပဒုမ္မာ က ပြောပါတယ်။
SCEF ရဲ့ အမျိုးသမီးမဏ္ဍိုင် ဖော်ဆောင်နိုင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေက ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ဖွဲ့စည်းရေး ယာယီကော်မတီတို့ စက်တင်ဘာ ၁၉ ရက်မှာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှုတို့ကနေ ကိုယ်စားလှယ်အသီးသီး ရွေးချယ်စေလွှတ်ပြီး ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ မတူကွဲပြားတဲ့ လူထု၊ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အမျိုးသမီးတွေအပါအဝင် အုပ်စုအသီးသီးရဲ့ နိုင်ငံရေးအသံနဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုပြီး အာဏာခွဲဝေတည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
“အမျိုးသမီးမဏ္ဍိုင်က အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိတဲ့ ကိစ္စတွေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအမြင်၊ လိုအပ်ချက်နဲ့ ဦးစားပေးချက်တွေကို တင်ပြရမှာဖြစ်သလို ဖက်ဒရယ်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလို နိုင်ငံရေးအခြေခံကိစ္စတွေမှာလည်း အမျိုးသမီးတွေရဲ့အမြင်ကို ထည့်သွင်းစဉ်းစားနိုင်အောင် ပါဝင်ရမှာဖြစ်တယ်” လို့ ဒေါ်ဇူးပဒုမ္မာ က ဆက်ပြောပါတယ်။
SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်အတွက် သင့်လျော်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ထားပြီလို့ ဆိုပါတယ်။ ကိုယ်စားလှယ်ရွေးချယ်ရာမှာလည်း အဖွဲ့အစည်းတခုရဲ့ ရာထူးကြီးသူဖြစ်ခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံအမြင်ရှိခြင်း၊ အမျိုးသမီးနိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အတွေ့အကြုံရှိခြင်း၊ မတူကွဲပြားတဲ့ အမျိုးသမီးအုပ်စုတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခြင်းတို့ကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့အဖွဲ့အစည်းရဲ့ အမြင်တခုတည်းကိုသာ ယူဆောင်လာတာမဟုတ်ဘဲ မတူညီတဲ့အမြင်တွေကို နားထောင်ပြီး SCEF အတွင်း နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ စွမ်းရည်ရှိဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
SCEF အမျိုးသမီးမဏ္ဍိုင်အနေနဲ့လည်း အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးမှာ ပါဝင်မှု၊ မတူကွဲပြားတဲ့ အမျိုးသမီးအုပ်စုတွေရဲ့ အသံတွေကို ဖော်ထုတ်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒေါ်ဇူးပဒုမ္မာ က ပြောဆိုထားပါတယ်။







