ကန္တာရဝတီတိုင်း(မ်)
၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ လူငယ်တွေရဲ့ ဘဝလမ်းကြောင်းတွေဟာ မီးခိုးငွေ့သဖွယ် လွင့်မျောပျောက်ကွယ်သွားခဲ့ပါတယ်။
စစ်အာဏာရှင်ကို မလိုလားလို့ တွန်းလှန်နေကြတဲ့ လူငယ်အများအပြားက လက်နက်ကိုင်လမ်းစဉ်ထဲ ဝင်ရောက်ခဲ့ကြသလို တချို့က ပညာရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာထောက်ထားရေး၊ သတင်းမီဒီယာနဲ့ ဒေသအုပ်ချုပ်ရေး စသဖြင့် အခန်းကဏ္ဍအသီးသီးတွေမှာ ဝန်တွေကိုထမ်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။ လမ်းကြောင်းတွေ မတူညီကြပေမယ့် တူညီတဲ့အချက်တခုကတော့ ကိုယ့်ပြည်နယ်ရဲ့ အနာဂါတ်အတွက် တတ်နိုင်တဲ့ကဏ္ဍမှာ တာဝန်ယူဖို့ပါ။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ဟာ ၂၇ ကြိမ်မြောက် နိုင်ငံတကာ လူငယ်များနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ဩဂုတ်လ ၁၂ ရက်နေ့ကို နိုင်ငံတကာ လူငယ်များနေ့အဖြစ် ၁၉၉၉ ခုနှစ်မှာ အတည်ပြုခဲ့ကာ ၂၀၀၀ ခုနှစ်ကစပြီး ကျင်းပလာခဲ့ကြပါတယ်။ အဓိကရည်ရွယ်ချက်က လူငယ်တွေရဲ့ အသံကို နားထောင်ဖို့၊ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အာရုံစိုက်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအတွင်း လူငယ်တွေရဲ့ ပါဝင်မှုကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။
နိုင်ငံအများစုမှာတော့ လူငယ်များနေ့ကိုကျင်းပပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်၊ အခန်းကဏ္ဍနဲ့ အနာဂတ် မျှော်လင့်ချက်တွေကို ဂုဏ်ပြုတဲ့နေ့ပါ။ ဒါပေမယ့် မြန်မာနိုင်ငံတဝှမ်း အပါအဝင် ကရင်နီပြည်မှာတော့ လူငယ်တွေဟာ မိမိတို့အနာဂတ် မဆိုထားနှင့် လက်ရှိပစ္စုပ္ပန်မှာ ရှင်သန်ရေးအတွက် ဝန်အသီးသီးကို ထမ်းပိုးနေကြသူတွေ ဖြစ်လာပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လူငယ်ရေးရာဌာန၊ ဌာနမှူး – ၁ မော်လူမြာ ကတော့ လူငယ်တွေဟာ ဒီတော်လှန်ရေးမှာ ခေါင်းဆောင်၊ ဦးဆောင်သူတွေ အဖြစ် တာဝန် ထမ်းဆောင်နေကြပြီဖြစ်ကြောင်းနဲ့ လူငယ်ထုတွေအပေါ် ယုံကြည်မှုထားပြီး စွမ်းဆောင်ရည်တွေကို အသုံးချနိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးစေလိုကြောင်း ကန္တာရဝတီတိုင်း(မ်) ရဲ့ ဆက်သွယ် မေးမြန်းမှုမှာ တိုက်တွန်းတောင်းဆိုသွားပါတယ်။
ဆယ်ကျော်သက်အရွယ်မှာကတည်းက အမျိုးသားရေး၊ ပြည်နယ်အရေး တက်ကြွလှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့ မော်လူမြာဟာ လက်ရှိမှာ လူငယ်ရေးရာဌာနမှာ ဌာနမှုး – ၁ ဖြစ်သလို ကယားလီဖု လူငယ်ရဲ့ ဒု- ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားတဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်တဦးပါ။
နွေဦးတော်လှန်ရေးလို့ အမည်တွင်ထားတဲ့ လက်ရှိတော်လှန်ရေးကာလမှာ ကရင်နီပြည်ရဲ့ တော်လှန်ရေးလမ်းဟာ လူငယ်အင်အားနဲ့ ၈၀ ရာခိုင်နှုန်း ရွေ့လျားနေတာဖြစ်တယ်လို့ မော်လူမြာ က ပြောထားပါတယ်။
“ကျမ အနေနဲ့ ပြောရမယ်ဆိုရင် လူကြီးတွေက ပြောကြတယ်ပေါ့။ လူငယ်ဆိုရင် နောင်တချိန်မှာ ခေါင်းဆောင် ဖြစ်မယ့်လူတွေပေါ့ အဲ့လိုမျိုး သုံးနှုန်းနေကြတယ်။ ဆိုတော့ ကျမ အနေနဲ့ ပြောချင်တာက လက်ရှိမှာဆိုရင် လူငယ်တွေက ကိုယ့်ရဲ့ ပြည်နယ်အတွက် ကိုယ့်ရဲ့ဒေသအတွက် ပြောင်းလဲမှုတခုကို ဖန်တီးနေတဲ့သူတွေ ဖြစ်တယ်။ ဆိုတော့ လက်ရှိအချိန်မှာက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေတဲ့ လူငယ်တွေ ဖြစ်တဲ့အတွက် “ယနေ့ လူငယ်၊ ယနေ့ ခေါင်းဆောင်” လို့ပဲ ကျမ ကတော့ သုံးနှုန်းချင်တယ်။” လို့ မော်လူမြာ က ပြောပါတယ်။
တော်လှန်ရေးကို တောင့်ခံထားသူတွေအပြင် ပြည်နယ်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေဟာ ကရင်နီပြည်တည်ဆောက်ရေးမှာ ညီညွတ်ရေးကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်သူတွေဖြစ်ပြီး အကျိုးရှိတဲ့ ပြောင်းလဲမှုကို ဖန်တီးသူတွေ ဖြစ်တဲ့အတွက် မိမိတို့မှာ ရှိတဲ့အစွမ်းအစတွေကို တော်လှန်ရေးရဲ့ အခန်းကဏ္ဍ အသီးသီးမှာ ပေးဆပ်အသုံးပြုထားကြတယ်လို့ သူမ က ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး အကြမ်းဖက်လာတဲ့ စစ်တပ်ကို ပြန်လည်တွန်းလှန်ဖို့ လက်နက်ကိုင် လမ်းစဉ်ကို လူငယ်အမြောက်အများဟာ ရွေးချယ်ကြရပြီး အသက်တွေကို မိမိပြည်နယ်ရဲ့ အနာဂတ်အတွက် ရင်းထားကြပါတယ်။

မိသားစု၊ ဝါသနာ၊ စာသင်ခန်း နဲ့ လုပ်ငန်းခွင်ကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေ များစွာထဲက တချို့ဟာ လက်ရှိမှာ တပ်မှူး၊ စစ်ရေးအရာရှိ၊ ဗျူဟာမှူးတွေ အဖြစ် ကြီးမားတဲ့ ဝန်ကို ထမ်းရွက်နေကြရပါတယ်။
မတူညီတဲ့ အခန်းကဏ္ဍတွေကို ဦးဆောင်ပြီး ခေါင်းဆောင်ဖြစ်လာကြတဲ့ လူငယ်တွေအတွက် ဒီဝန်တွေဟာ အသက်အရွယ်နဲ့ မမျှတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ပေမယ့် လူငယ်အများစုကတော့ ခေါင်းဆောင်၊ ရာထူး စတာတွေကို အမည်ခံခြင်းထက် ခံယူချက်တွေကို ဆုပ်ကိုင်ပြီး ဆက်လက် ရပ်တည်နေကြတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ လူငယ်ခေါင်းဆောင်ဖြစ်တဲ့ အမျိုးသားတဦး က ပြောပါတယ်။
“ဘာပဲလုပ်လုပ် ဦးဆောင်ပေးရမယ့် ခေါင်းဆောင်လို့ ခေါ်တဲ့သူက လိုကိုလိုတယ်လေနော်။ ဆိုတော့ ဒီလိုမျိုး ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာလည်း ငါက အထက်လူကြီးဆိုတဲ့ စိတ်နဲ့ သွားနေတာထက် ငါတို့ ဘယ်လိုအတူတူရွေ့ကြမလဲ၊ တွန်းကြမလဲဆိုတာကို တွေးခေါ်ဖို့လိုတယ်။ ပြီးတော့ ခေါင်းဆောင်ဆိုတာ တာဝန်ပဲ၊ ရာထူး မဟုတ်ဘူး။ အဲ့ဒါကြောင့် တာဝန်ဆိုတဲ့ အားလုံးရဲ့ ဝန်က ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ခေါင်းပေါ်မှာ ကျရောက်လာတာပဲ။ မနည်းလှတဲ့ စိန်ခေါ်မှုလည်း ပါဝင်တာပေါ့။ အဲ့ဒါကို အပြန်အလှန် နားလည်ပံ့ပိုးမှပဲ ကျနော်တို့ သိပ်ပြီးမျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်မှာ ဖြစ်တယ်။ အထူးသဖြင့် ဒီစစ်ရေးမှာတော့ အသက်နဲ့ ရင်းထားတာဖြစ်လို့ တာဝန် ပိုကြီးသလိုတော့ ဖြစ်တာပေါ့ဗျား။” လို့ အဆိုပါ ခေါင်းဆောင် က ပြောပါတယ်။
ကရင်နီလူငယ်တွေရဲ့ ခေါင်းဆောင်မှုဟာ စစ်မြေပြင်တခုတည်းမှာတော့ မဟုတ်ပါဘူး။ ယခင်က တက္ကသိုလ်ကျောင်းသား၊ အထက်တန်းကျောင်းသား၊ စေတနာ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်း စသဖြင့် မိမိကိုယ်ပိုင်ဘဝကို ရိုးရင်းစွာ တည်ဆောက်နေကြသူတွေဟာ ဒီနေ့မှာတော့ စစ်မျက်နှာပြင်မှာ ပြည်နယ်ကို ကာကွယ်သူ၊ စာသင်ကျောင်း စီမံခန့်ခွဲသူ၊ စေတနာ့ ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်း၊ လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေသူ၊ သတင်းသမား၊ ဒေသန္တရ အုပ်ချုပ်ရေး တာဝန်ယူသူ နဲ့ လူငယ်အဖွဲ့အစည်းခေါင်းဆောင်တွေ အဖြစ် ဝန်အသီးသီးကို ထမ်းဆောင်နေကြပါတယ်။ ဒီလုပ်ငန်းစဉ်တိုင်းရဲ့ နောက်ကွယ်မှာ လူငယ်တွေရဲ့ ပါဝင်မှုကို ထင်ရှားစွာ တွေ့မြင်ရပါတယ်။
အဲ့ဒီအထဲမှာ မော်ဖရေမြာလည်း အပါအဝင် ပါ။ မော်ဖရေမြာ က ကရင်နီလူငယ် အမျိုးသမီး ခေါင်းဆောင်တွေထဲက တဦးပါ။ သူမ က အသက် ၂၀ ကျော်အရွယ်မှာပင် ကရင်နီပြည်ရဲ့ တခုတည်းသော ဂီတသင်တန်းကျောင်းကို တည်ထောင်ပြီး ဂီတဝါသနာရှင် လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်။ ကျောင်းကိုဦးဆောင်ရင်း တဖက်မှာလည်း သူမဟာ အားလပ်ချိန်တွေမှာ စစ်ဘေးရှောင်လူထုတွေရဲ့ လိုအပ်ချက်တွေကို တတ်အားရှိသမျှ ကူညီပံ့ပိုးပေးနေပါတယ်။
“လူငယ်တွေကို ပြန်လည်ထိန်းညှိမယ်၊ ပြည်သူတွေဆီမှာပဲ ဖြစ်ဖြစ်၊ တကမ္ဘာလုံးကိုပဲဖြစ်ဖြစ် ကျမတို့ ပေးချင်တဲ့ မက်ဆေ့၊ ကျမတို့ ဘာဖြစ်ပျက်နေလဲ ဘာလိုအပ်နေလဲ ဆိုတဲ့ဟာမျိုးကို ကျမတို့ ဖော်ပြနိုင်တဲ့ နည်းလမ်းတခုပေါ့။ ဒီအတွက် အသံကို ဖော်ထုတ်လို့ရနိုင်တဲ့ နည်းလမ်းတခုအနေနဲ့ ဖြစ်ဖြစ် ထိန်းညှိပေးနိုင်တဲ့ နေရာတခုပဲဖြစ်ဖြစ် ကိုယ်နိုင်တဲ့ဖက်ကနေ ပါဝင်အားဖြည့်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီ music ကို ရွေးချယ်ရခြင်းဖြစ်တယ်။” လို့ မော်ဖရေမြာ က တော်လှန်ရေးကာလမှာ ဂီတအခန်းကဏ္ဍကို ဦးဆောင်ဖို့ ရွေးချယ်ဖြစ်တဲ့ သူမရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

သူမ က ဂီတ ဟာ ငြိမ်းချမ်းရေးအတွက် အသံထွက်တဲ့နေရာမှာ အလွန်အရေးပါပြီး နူးညံ့စွာ လှုံ့ဆော်နိုင်တဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဂီတသင်တန်းကျောင်းကို ကိုယ်တိုင်ဦးစီးဖွင့်လှစ်တည်ထောင်နိုင်တဲ့ အမျိုးသမီး လူငယ်ခေါင်းဆောင် တဦး ဖြစ်လာခဲ့တာပါ။ တော်လှန်ရေးရဲ့ အခန်းကဏ္ဍအသီးသီးမှာ ပါဝင်တွန်းလှန်နေတဲ့ လူငယ်တွေကို အသိအမှတ်ပြုမှုက လူငယ်တွေ အလိုအပ်ဆုံးအရာ ဖြစ်တယ်လို့လည်း သူမ က ပြောပါတယ်။
ဒါတွေမကသေးပါဘူး။ လူငယ်အများစုဟာ စစ်အာဏာသိမ်းမှုကြောင့် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးကြရပြန်ပါတယ်။ အဲဒီထဲမှာ အသက် ၂၄ နှစ်အရွယ် လှရိပ် လည်း အပါအဝင်ပါ။ အာဏာမသိမ်းခင်ကတော့ ပြည်တွင်းက တက္ကသိုလ်တခုမှာ ဘွဲ့ယူပြီးရင် လုပ်ငန်းခွင်ထဲ ဝင်မယ်လို့ ရည်မှန်းထားတဲ့ သူမ ကတော့ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို တိမ်းရှောင်လာရင်းကနေ အခက်အခဲတွေကြားက ပညာရေးလမ်းကို ရှာဖွေခဲ့သူပါ။ အခုတော့ ချင်းမိုင် တက္ကသိုလ်မှာ ပညာသင်ဆုနဲ့ ပညာသင်ကြားခွင့်ရနေပါပြီ။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေတွေ အများကြီးပြောင်းလဲသွားတယ်။ ကိုယ့်အနေနဲ့ ဘဝကို တခါပြန်ပြီး စဉ်းစားယူရတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ လမ်းကြောင်းတွေလည်း အသားကုန် ပြန်ရှာနေရတဲ့ အခြေအနေဖြစ်တယ်။ လမ်းတွေလည်း ခဏခဏ ပျောက်ခဲ့တဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တယ်။” လို့ လှရိပ်က ပြောပါတယ်။
လှရိပ်ကတော့ သူမရဲ့ ကြိုးစားအားထုတ်မှု မိသားစုတွေရဲ့ ကူညီဖေးမှုတွေကြောင့် ပညာရေးလမ်းကို ရှာဖွေနိုင်ခဲ့ပေမဲ့ သူမ လို အခွင့်အလမ်းမရနိုင်တဲ့ ပညာရေးလမ်းပျောက်သူ ကျောင်းသားလူငယ်တွေက ဟာ ကရင်နီမှာထုနဲ့ဒေး ရှိနေပါသေးတယ်။
တချို့သောလူငယ်တွေကလည်း ပညာရေးထက် ဝမ်းရေးကို ဦးစားပေးလာရလို့ နိုင်ငံရပ်ခြားကို ရရာနည်းနဲ့ ထွက်ပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဘယ်လိုပဲဆိုဆို အာဏာသိမ်းပြီးနောက်မှာတော့ ပဋိပက္ခတွေရဲ့ အကျိုးအဆက်ကြောင့် လူငယ်တွေရဲ့ ဘဝလမ်းကြောင်းတွေ ပြောင်းလဲကုန်တာတော့ အမှန်ပါ။
ရှေ့တန်းစစ်မြေပြင်မှာ အသက်ကို ဖက်နဲ့ထုပ်ပြီး မိမိပြည်နယ်ကို ကာကွယ်နေတဲ့ လူငယ်၊ စစ်ဘေးရှောင်စခန်းရဲ့ အမိုးမလုံ အကာအကွယ်ကင်းမဲ့တဲ့ တဲအိမ်ငယ်လေးတွေအောက်မှာ ကလေးတွေကို စာသင်ပေးနေတဲ့ လူငယ်၊ လမ်းခရီးကြမ်းတမ်းမှုကြားက ဆေးဝါးတွေထမ်းပိုးရင်း ကုသမှုပေးနေတဲ့ လူငယ်၊ လူထုတွေဆီ သတင်းအချက်အလက်မှန်တွေ ဖြန့်ဝေရင်း နိုင်ငံတကာဆီ လူထုအသံကို တင်ပြပေးနေတဲ့ လူငယ်၊ လူထုလိုအပ်ချက်တွေနဲ့ တန်းတူအခွင့်အရေးတွေ ရရှိဖို့ အသံတွေကို ကိုယ်စားပြုပေးနေတဲ့ လူငယ်၊ နိုင်ငံရပ်ခြားမှာ မိမိဘဝရှေ့ရေး ၊ မိသားစုဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေတဲ့လူငယ် စသဖြင့် ကဏ္ဍအသီးသီးမှာ လှုပ်ရှားသူတွေနဲ့ ပြည်နယ်အရေး ဦးဆောင်ဦးရွက် ပြုနေသူတွေဟာ ကရင်နီလူငယ် အသီးသီးရဲ့ ခေါင်းဆောင်မှု ပုံရိပ်တွေပါပဲ။

ဒီလိုခေါင်းဆောင်မှုရဲ့ နောက်ကွယ်မှာ စိန်ခေါ်မှုတွေကလည်း များစွာ ရှိနေပါတယ်။ ပညာရေး ပြတ်တောက်မှု၊ ငွေကြေးအခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာဖိအား၊ လုံခြုံရေးအန္တရာယ်နဲ့ တခြားသော ကန့်သတ်ချက်တွေဟာ လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုကို ကန့်သတ်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း လူငယ်ခေါင်းဆောင်တွေ ပိုမိုပေါ်ထွန်းလာစေဖို့အတွက် ပညာဆက်လက် သင်ယူနိုင်မယ့် အခွင့်အလမ်းတွေ၊ ကိုယ်ပိုင်အစွမ်းအစကို အသုံးချနိုင်မယ့် ပတ်ဝန်းကျင်တွေ၊ ခေါင်းဆောင်မှုစွမ်းရည်ကို အသိအမှတ်ပြု ပံ့ပိုးပေးခြင်းတွေ၊ ဆုံးဖြတ်ချက်ချနိုင်မယ့် အခန်းကဏ္ဍတွေမှာ ပိုမိုအခွင့်အရေးပေးခြင်းတွေ စသဖြင့် ဒီလိုနေရာတွေဟာ လူငယ်တွေအတွက် လိုအပ်နေဆဲပါ။
စစ်ပဋိပက္ခ က လူငယ်တွေရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲခဲ့ပေမယ့် တာဝန်ယူစိတ်နဲ့ ဦးဆောင်နိုင်စွမ်းကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ သူတို့ဟာ စစ်ပွဲကြောင့် ဝေဆာလာခဲ့တာ မဟုတ်ပေမယ့် စစ်က ဖန်တီးလိုက်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြားမှာပင် ကိုယ့်ပြည်နယ်၊ ပတ်ဝန်းကျင်ကို မစွန့်လွှတ်ဘဲ သင်ယူ၊ တာဝန်ယူ၊ ဦးဆောင်ရင်း မိမိကိုယ်ကို တည်ဆောက်ကာ ဝန်အသီးသီးကို ထမ်းပိုးနေကြပါတယ်။
ဒီလို ခိုင်ခံ့စွာရပ်တည်နေတဲ့ လူငယ်တွေဟာ လူမှုအသိုက်အဝန်းကို ထမ်းပိုးနေတဲ့ “ထောက်တိုင်များ” ဖြစ်သလို အားလုံးလိုလားမျှော်မှန်းထားကြတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ ခိုင်မာစေမယ့် ထောက်တိုင်ကြီးများလည်း ဖြစ်ကြပါတယ်။







