သိုးကလေး/ ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မယ်စုံတောင်ပေါ်ဒေသမှာ ဆောင်းမကူးခင် မိုးတွင်းကာလမှာတင် အအေးဒဏ်ဟာ စတင်ရိုက်ခတ်နေပါပြီ။ နေ့စဉ်မိုးရွာသွန်းမှုတွေက အဲ့ဒီဒေသမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အအေးဒဏ်နဲ့အတူ ဖြတ်သန်းနေရစေပါတယ်။
ဒီလိုအခြေအနေမှာ မယ်စုံတောင်ပေါ်ဒေသက စစ်ဘေးဒုက္ခသည်တွေဟာ အနွေးထည်နဲ့ စောင် လိုအပ်ချက်တွေ ရှိနေပါတယ်။ စစ်ဘေးကနေတိမ်းရှောင်ပြီး နေရပ်စွန့်ခွာလာတာ လေးနှစ်နီးပါး ရှိလာတဲ့အချိန်အထိ အနွေးထည်နဲ့ စောင်တွေ တကြိမ်မှမရရှိဖူးဘူးလို့ အဲ့ဒီစခန်းရဲ့ ကော်မတီ တာဝန်ရှိသူအမျိုးသားတဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။
“အခုချိန် ဆောင်းရာသီ ရောက်မှာမို့ အကိုတို့ ကန့်(camp) မှာလေ စောင်တွေ၊ အနွေးထည်တွေ လိုအပ်တယ်။ စစ်ရှောင်တာတာ ၄ နှစ်ရှိပြီလေး။ တခါမှလည်း မရဘူး” လို့ စခန်းကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
အအေးဒဏ်ကို အထူးခံစားရသူတွေထဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပြင် မိခင်တွေလည်း ပါဝင်ပါတယ်။ ညဘက်အပူချိန်ကျလာချိန်မှာ အိပ်စက်ဖို့အခက်အခဲရှိသလို ဖျားနာမှုတွေလည်း ကြုံတွေ့နေရပြီး အအေးဒဏ်နဲ့ ဖျားနာမှုတွေကို တပြိုင်နက်ကြုံတွေ့နေရတယ်လို့ အဲ့ဒီဒေသက စစ်ဘေးဒုက္ခသည်တွေ က ပြောပါတယ်။
“အိပ်လို့လည်း မရဘူးလေး၊ အရင်တလောကတော့ မကြုံဖူးတဲ့ ဖျားတာ၊ နာတာ တော်တော် များခဲ့တာပေါ့။ တခါမှ မကြုံဖူးဘူး။” လို့ မယ်စုံဒေသခံ အမျိုးသားတဦးကလည်း သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
စစ်ဘေးဒုက္ခသည်တွေကြားမှာ နှာစေး၊ ချောင်းဆိုးတာတွေအပြင် အဆုတ်အအေးပတ်တဲ့ ရောဂါလို ဖျားနာမှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ တောင်ပေါ်ဒေသဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ အကူအညီနဲ့ ဆေးဝါးရရှိဖို့ အချိန်မရွေးသွားလာရေးအခက်အခဲတွေလည်း ရှိနေပါတယ်။

မိုးရာသီအတွင်း ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကိုလည်း သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်း တဦးက အခုလို အကြံပြုထားပါတယ်။
“ဒီရာသီဥတု အခြေအနေမျိုးက သွေးလွန်တုပ်ကွေး မဖြစ်အောင်တော့ သတိထားရမယ်၊ ဖြစ်ပွားနိုင်ချေက များတယ်၊ ကြောက်ရတဲ့ ရောဂါလည်း ဖြစ်တယ်” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်းက အကြံပြုထားပါတယ်။
မယ်စုံဒေသမှာ စစ်ဘေးရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့အတွင်းက စစ်ဘေးတိမ်းရှောင်သူတွေ အများစုနေထိုင်ကြပါတယ်။
အဲ့ဒီဒေသက စစ်ဘေးဒုက္ခသည်တွေဟာ ယခုနှစ် သြဂုတ်လ ပထမအပတ် အတွင်းမှာလည်း ကလေးနဲ့ လူကြီးအပါအဝင် လူဦးရေ ၁၆၀ ကျော် တပြိုင်နက် ဖျားနာခဲ့တဲ့ အခြေအနေကို ဖြတ်သန်းခဲ့ရပါတယ်။ ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ကြတာပါ။
မိုးနဲ့အအေးဒဏ်ကြားမှာ လေးနှစ်ကြာ စစ်ရှောင်ဘဝကို ဖြတ်သန်းလာရတဲ့ မယ်စုံတောင်ပေါ်က စစ်ဘေးဒုက္ခသည်တွေဟာ အခုချိန်မှာလည်း အခြေခံအသုံးအဆောင်တွေထဲက စောင်နဲ့အနွေးထည် လိုအပ်ချက်ကို ဆက်ပြီးရင်ဆိုင်နေရပါတယ်။
စခန်းကော်မတီတာဝန်ရှိသူတဦးကတော့ လက်ရှိအခြေအနေမှာ စောင်ရရှိရေးက အရေးကြီးတဲ့ လိုအပ်ချက်တခု ဖြစ်နေကြောင်း အခုလို ပြောသွားပါတယ်။
“အခုက စောင်က ပိုအရေးကြီးတယ်။ ၄ နှစ်ရှိပြီ ဒီမှာက။ တောင်ပေါ်ဒေသ ဆောင်း မရောက်သေးဘူး။ ဒါပေမယ့် မိုးက လနဲ့ချီ ရွာတာ အေးနေတာ။ စောင်တွေ၊ အနွေးထည်တွေ လိုအပ်နေကြတယ်၊ စောင်တွေကလည်း မရတာ၊ မရှိကြတော့ဘူး။”








