ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဆည်မြောင်းဌာနကနေ စိုက်ပျိုးမွေးမြူရေးသင်တန်း အမှတ်စဉ် (၂) အတွက် သင်တန်းသား ( ၃၀ ) ဦးကို ခေါ်ယူနေပြီး စိုက်ပျိုးရေးကဏ္ဍကို စိတ်ပါဝင်စားတဲ့ လူငယ်တွေကို ဦးစားပေးခေါ်ယူသွားမယ်လို့ ဒု – ဌာနမှူး (၁) ကိုတင့်ဆွေက ပြောပါတယ်။
ကရင်နီပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်လူရွယ်တွေ အဓိကဖြစ်တယ်။ တချို့သော စိုက်ပျိုးရေးကဏ္ဌကို စိတ်ဝင်စားတဲ့ လူငယ်တွေ အဓိကဦးစားပေးတယ်။အဓိကကတော့ ကျနော်တို့ ပြည်နယ်ရဲ့ စားနပ်ရိက္ခာဖူလုံရေး ပြောရမလား ဒီစိုက်ပျိုးရေးကဏ္ဌမှာ လူ့စွမ်းအားအရင်းမြစ် တော်တော်လေးရှားပါးတဲ့ အနေထားမှာရှိတယ်။ အဲ့တော့ ကျနော်တို့ လူ့စွမ်းအားအရင်းအမြစ်တွ မွေးထုတ်တာလဲဟုတ်သလို ပြည်နယ်မှာရှိတဲ့ တောင်သူလယ်သမား တွေရဲ့ စိုက်ပျိုးရေး ကဏ္ဌမှာလဲ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနိုင်အောင်ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ရခြင်းဖြစ်တယ်” လို့ ကိုတင့်ဆွေက ဆိုပါတယ်။
သင်တန်းလျှောက်ထားသူတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ စနစ်ဟောင်း အနည်းဆုံး ၈ တန်းအောင်မြင်ထားသူ ဒါမှမဟုတ် စနစ်သစ် ၁၂ တန်းအထိ တက်ရောက်ဖူးသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် မတူကွဲပြားမှုတွေကို လက်ခံနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
“သင်တန်းပြီးရင် သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးတယ်။ စာတွေ့နဲ့ လက်တွေ့ နှစ်ပိုင်းပါဝင်တာကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ လက်တွေ့ကျကျ အသုံးချနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ကိုတင့်ဆွေက ဆက်ပြောပါတယ်။
သင်တန်းပြီးဆုံးသူတွေဟာ စိုက်ပျိုးရေးဌာနမှာ လစ်လပ်နေတဲ့ ရာထူးတွေအတွက် အလုပ်လျှောက်ထားနိုင်သလို တောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
သင်တန်းကာလ ၆ လကြာမြင့်မှာဖြစ်ပြီး လယ်ယာသီးနှံစိုက်ပျိုးရေး၊ ဥယျာဉ်ခြံစိုက်ပျိုးရေး၊ အပင်ရောဂါဗေဒနဲ့ ပိုးမွှားဗေဒအပါအဝင် ဘာသာရပ် ၁၁ ခုကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းတက်ရောက်ခွင့်ရရှိသူတွေဟာ အာမခံကြေးအဖြစ် ငွေကျပ် ၁ သိန်း ပေးသွင်းရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အဲဒီအာမခံကြေးကို ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်။ ၆ လတာ သင်တန်းကာလအတွင်း သင်တန်းသားတွေအတွက် နေထိုင်စားသောက်ရေးကိုလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။







