spot_img
Homeသတင်းမူးယစ်ဆေးဝါးမှု လျှော့ချရေးအတွက် လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ KSP တိုက်တွန်း

မူးယစ်ဆေးဝါးမှု လျှော့ချရေးအတွက် လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ KSP တိုက်တွန်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးရမိမှုတွေ များပြားလာပြီး မူးယစ်ဆေးဝါးမှု လျှော့ချနိုင်ရေးအတွက် လူထုနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ ကရင်နီပြည်ရဲဌာန (KSP) တာဝန်ရှိသူ ကိုဘိုဘိုက တိုက်တွန်းပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးပေါ့နော် KSP ကို ပူးပေါင်းပါဝင်ဖို့တွေ အများကြီးလိုတယ်‌ပေါ့နော်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပေးဖို့က ကျနော်တို့အတွက် အများကြီး တန်ဖိုး ဖြစ်တယ်ပေါ့နော်။ ပြီးရင် ပြည်သူလူထုက အရေးကြီးတဲ့ထဲမှာပါတယ်။ ပြည်သူလူထုက နေရာတော်တော်များများမှာ ရှိတဲ့အတွက် ကျနော်တို့ ကရင်နီပြည်ရဲ့ မျက်စိနဲ့ နားအဖြစ် ပြည်သူလူထုက ရှိပေးမှ ကျနော်တို့ကို သတင်းပေး တိုင်ကြား အားကိုးမယ်ဆိုလို့ရှိရင် ကျနော်တို့ ထိရောက်မှုဟာ အများကြီး တိုးတက်လာမှာ ဖြစ်တယ်‌။” လို့ ကိုဘိုဘိုက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) ဖွဲ့စည်းပြီး ၅ နှစ်အတွင်း မြို့နယ်အသီးသီးမှာ အမှုပေါင်း (၇၈၄) မှုကို အရေးယူဆောင်ရွက်ခဲ့ပြီး အဲ့ဒီအမှုတွေထဲ မူးယစ်ဆေးဝါးမှုက အများဆုံးဖြစ်ကြောင်း KSP ရဲ့ ၅နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးမှုတွေအတွက် ပြစ်ဒဏ်အနေနဲ့ အနိမ့်ဆုံး ‌ထောင်ဒဏ် ၅ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိနဲ့ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးအမှုမှာ သုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီး အရေးယူခဲ့တာဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုက ပိုများကြောင်း ကိုဘိုဘို က ဖြည့်စွက်ပြောပါတယ်။

KSP ဖွဲ့စည်းပြီး ၅ နှစ်အတွင်း အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း (၇၈၄)မှုထဲက ပြီးခဲ့တဲ့နှစ်တွေမှာ ၆၄၁ မှု ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၁၄၃ မှုရှိပါတယ်။ ဒီနှစ်အတွင်း အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၁၄၃ မှုဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့အထိ စာရင်း ဖြစ်ပါတယ်။

အဆိုပါအမှုတွေထဲမှာ မူးယစ်ဆေးဝါးမှု ၅၆ မှုနဲ့ အများဆုံးဖြစ်ပြီး စစ်ကောင်စီ နဲ့ ပတ်သက်တဲ့အမှု ၁၉ မှု၊ ရာဇသတ်ကြီးဥပဒေအရ အရေးယူတဲ့ အခြားမှု ၁၈ မှု၊ မုဒိမ်းမှုနဲ့ အမျိုးသမီးများအပေါ်ကျူးလွန်တဲ့အမှု ၁၅ မှု ၊ခိုးမှု ၁၃ မှု၊ လိမ်လည်မှု/ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ၆ မှု ၊လူသတ်မှု ၄မှု၊ နာကျင်စေမှု ၄ မှု ၊ အထူးဥပဒေဖြင့် အရေးယူတဲ့အမှု ၃ မှု၊ ကလေးသူငယ်အပေါ် ကျူးလွန်တဲ့အမှု ၃ မှု နဲ့ ယာဉ်တိုက်မှု ၂ မှု တို့ပါဝင်ပါတယ်။

KSP အနေနဲ့ နယ်မြေကို လွှမ်းခြုံနိုင်တဲ့ ရဲအင်အား လုံလောက်မှုမရှိတာ၊ မူးယစ်ဆေးဝါး ပေါများလာတာ၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဆိုင်ရာ မှုခင်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ အခက်အခဲတွေရှိတာ၊ ရဲဝတ်တန်ဆာနဲ့ အသုံးအဆောင်ပစ္စည်းတွေ အားနည်းနေသေးတာတွေကို စိန်ခေါ်မှုတွေအဖြစ် ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ