ကန္တာရဝတီတိုင်း ( မ် )
ဩဂုတ်လအတွင်း ဒီးမော့ဆို၊ ဖရူဆို ၊ လွိုင်ကော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါဟာ ကန္တရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီထားတဲ့ စာရင်းတွေသာ ဖြစ်ပါတယ်။
အခုလို အမျိုးသမီးတွေ အသက်ဆုံးရှုံးတာ၊ ထိခိုက်မှုတွေရှိတဲ့အခါ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိနိုင်မှု လျော့နည်းလာနိုင်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောထားပါတယ်။
“အထူးသဖြင့် ကလေးတွေဟာ မိခင်၊ အမျိုးသမီးစောင့်ရှောက်သူတွေကို ဆုံးရှုံးရတဲ့အခါ ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိနိုင်မှု လျော့နည်းလာနိုင်ပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း မိသားစုဝင်တဦး ဆုံးရှုံးမှု၊ နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုကြောင့် ဝင်ငွေမရှိခြင်း၊ အကြွေးတင်ခြင်း၊ အစားအစာမလုံလောက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေကို ဆက်လက်ရင်ဆိုင်ရပါတယ်”လို့ မော်ဖရေမြာ က ဆိုပါတယ်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလကစပြီး အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လစဉ်နီးပါး အမျိုးသမီးတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။ ဩဂုတ်လ ၄ ရက်နေ့က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ၅ လသားအရွယ် မိန်းကလေးငယ်တဦးနဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးမှုရှိခဲ့ပြီး ဩဂုတ်လ ၁၁ ရက်နေ့မှာ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက အသက် ၄၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၃ ရက်နေ့မှာ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း တောင်ယာလုပ်ငန်းခွင်မှာ အသက် ၄၀ အရွယ် အမျိုးသမီးတဦး၊ ဩဂုတ်လ ၂၂ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ်ကျောင်းသူတစ်ဦးနဲ့ ၂၅ ရက်နေ့မှာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ နေအိမ်မှာရှိနေစဉ်နဲ့ တောင်ယာလုပ်ငန်းခွင်ထဲ ရောက်ရှိနေစဉ် ဒရုန်းဗုံးစ ထိမှန်ခဲ့တာပါ။ အဆိုပါတိုက်ခိုက်မှုတွေကြောင့်အပြင် အခြားနေအိမ်၊ စာသင်ကျောင်း ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်။
အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို ဒရုန်းနဲ့ဗုံးကြဲတာ ၁၀ ကြိမ်ထက်မနည်း ၊ လေကြောင်းတိုက်ခိုက်မှု တကြိမ် ၊ ဒရုန်းနဲ့ကင်းထောက်တာ ခပ်စိပ်စိပ် ပြုလုပ်လာပြီး အမျိုးသမီး ၃ ဦး အပါဝင် အရပ်သား ၉ ဦး နဲ့ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိလာပါတယ်။







