spot_img
Homeဆောင်းပါးရှင်သန်လိုစိတ်ကြောင့် ဖြစ်ထွန်းလာတဲ့ စပါးစိုက်ခင်း

ရှင်သန်လိုစိတ်ကြောင့် ဖြစ်ထွန်းလာတဲ့ စပါးစိုက်ခင်း

-

ကန္တာရဝတီတိုင်း (မ်)

ဆယ်စုနှစ် တဝက်ကျိုးနေပြီဖြစ်တဲ့ စစ်အာဏာသိမ်းမှုမှာ မြန်မာ့တောင်သူလယ်သမားတွေရဲ့ မျှော်လင့်ချက်တွေဟာက မှန်းလို့မရတဲ့စစ်ရေးနဲ့ သဘာဝဘေးတို့ကြောင့် ရိုက်ချိုးခံနေရဆဲပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းကတောင်သူတွေ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်လယ်ယာမြေတွေကို စွန့်ခွာခဲ့ကြရပါတယ်။ တဆက်တည်းမှာပဲ မြန်မာ့တောင်သူတွေက ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း၊ ၂၀၂၅ ခုနှစ် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီး နဲ့ ၂၀၂၆ ခုနှစ်မှာတော့ ရေကြီးရေလျံတဲ့ သဘာဝဘေးဒဏ်ကို တောက်လျှောက်ရင်ဆိုင်ကြရပါတယ်။

ဒါပေမဲ့ ဒီဘေးဒုက္ခတွေရဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ နာကျင်မှုတွေကြား အနယ်နယ်အရပ်ရပ်က တောင်သူတွေရဲ့ ရင်မှာ ကိန်းအောင်းနေတဲ့ရှင်သန်လိုစိတ်ကို ပြင်းပြလာစေပါတယ်။

ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းက ပဋိပက္ခဇုန်ဖြစ်နေတဲ့ ကရင်နီပြည်မှာ စပါးစိုက်ပျိုးမှု ရပ်နားခဲ့ရတဲ့ ဒေသခံ တောင်သူအများစုက အလျင်းသင့်ရင် သင့်သလို စပါးကိုပြန်လည်စိုက်ပျိုးလာကြပါတယ်။

ဘေးအန္တရာယ်အရပ်ရပ်ကို မမှုပဲ၊ သူတို့ရဲ့ မူလအသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စိုက်ပျိုးရေးကို ပြန်လုပ်ကိုင်နေကြတာပါ။

“စားဖို့သောက်ဖို့ လိုတာကို။ မဖြစ်မနေလုပ်ရမယ်ဆိုတာက” လို့ အသက်၃၀ ကျော်အရွယ် တောင်သူအမျိုးသားတဦးက ပြောပါတယ်။

သူ့မှာ အသက် ၁၅ နှစ်အောက် ကလေးငယ် ၃ ဦးရှိပါတယ်။ သူက လက်ရှိကရင်နီပြည်ရဲ့ ဆန်အိုးကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့မှာ စပါး ၁ ဧက နီးနီး စိုက်ပျိုးထားတာပါ။

သူက စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ သူ့မှာ အထူးတလည်ရရှိနေတဲ့ ဝင်ငွေမရှိလည်းမရှိပါဘူး။

ဒါပေမဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအားလုံးကြောင့် စပါးစိုက်ဖို့အတွက် ဆွေမျိုးသားချင်းဆီကအရင်းအနှီးကို ချေးငှားလိုက်ရပါတယ်။ စပါးသီးနှံပြန်ထွက်လာမှ ချေးထားတဲ့ အရင်းကို ပြန်ဆပ်ရတာပါ။
ဒီနည်းလမ်းက ကရင်နီပြည်က မဖြစ်မနေ စပါးစိုက်ဖို့ တွန်းအားဖြစ်လာတဲ့ တောင်သူတွေအတွက် အလွန်ထိရောက်တဲ့ လတ်တလော ဖြေရှင်းချက်တခုလည်း ဖြစ်ပါတယ်။

“အများအားဖြင့်က တောင်သူတွေပဲလေးနော။ ကျနော်တို့ ဆန်၊ စပါးနဲ့ပဲ ကျနော်တို့ မှီခိုနေရတာမို့လို့ပါ” လို့ အဲဒီအမျိုးသားက ထပ်မံရှင်းပြပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်နီပြည်မှာ အသက် ၁၅ ကနေ ၆၄ နှစ်အတွင်း အလုပ်ရှိသူ ဦးရေ ၃၂၀၀၀ ကျော်သာရှိပါတယ်။ ၂၅၀၀၀ ကျော်က လယ်ယာလုပ်ငန်း၊ သစ်တောနဲ့ ငါးလုပ်ငန်းကျွမ်းကျင် လုပ်သားတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ အဲထဲမှာ အမျိုးသားဦးရေ ၁၄၀၀၀ ကျော်၊ အမျိုးသမီး ဦးရေ ၁၁၀၀၀ ကျော် ပါဝင်ပါတယ်။

ဒီအချက်အလက်တွေက ကရင်နီဒေသမှာ လယ်ယာလုပ်ငန်းဟာ အဓိက အသက်မွေးဝမ်းကျောင်းကဏ္ဍ တခုဖြစ်နေဆဲဖြစ်တာကို ပြသနေပါတယ်။

“ကျမတို့ မိသားစုက အရင်တည်းက စပါးစိုက်ပြီးတော့ပဲ အရာအားလုံးကို လည်ပတ်ခဲ့တာပေါ့နော။ ကျမတို့ရဲ့ ကျောင်းစရိတ်၊ ဆေးဖိုးဝါးခ နောက်ပြီးတော့ တခြားသီးနှံတွေ စိုက်ပျိုးဖို့ အရင်းအနှီး စသဖြင့် အရာအားလုံးက စပါးပေါ်မှာပဲ မူတည်တာပေါ့နော။ အခု စစ်ရှောင်တော့ ကျမတို့ရဲ့ အဓိက ဝင်ငွေကလုံးဝပြတ်သွားတော့ အားလုံးကိုသွားထိခိုက်တာပေါ့။ အဲကြောင့် အဖေတို့လည်း စွန့်စားပြီးတော့ ဒီးမော့ဆိုဖက်မှာ စပါးပြန်စိုက်ကြတယ်။ ကျမတို့ စားဖို့ပေါ့။ ရောင်းဖို့ကတော့ မဖြစ်နိုင်တော့ပါဘူးထင်တယ်” လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

ကရင်နီမှာ တစ်လေးလုံးစစ်ဆင်ရေး အပြီး အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် နယ်မြေဒေသအများစုကို တော်လှန်ရေးတပ်တွေ လက်လွှတ်လိုက်ရပါတယ်။ အခုဆိုရင် စစ်တပ်က လွိုင်ကော်မြို့အပြင် ဖယ်ခုံမြို့ပေါ်၊ မိုးဗြဲမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့ တို့မှာ အတော်များများ နေရာပြန်ယူနေနိုင်ကြပါပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေပြန်လည်ထိန်းချုပ်နိုင်တဲ့နောက်ပိုင်း ကရင်နီပြည်က စိုက်ပျိုးနိုင်တဲ့ ဧရိယာတွေလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကထက် လျော့နည်းလာတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ကပြောပါတယ်။

ခေတ်အဆက်ဆက် တောင်ယာစပါးကို အဓိကထားစိုက်ပျိုးကြတဲ့ ဖရူဆိုမြို့နယ်မှာလည်း အရင်နှစ်တွေနဲ့ မတူတဲ့ တောင်သူတွေအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်စဥ်က ၂၀၂၆ နှစ်ဝက်အတွင်းမှာ အထွတ်အထိပ်ကိုရောက်ရှိနေပါတယ်။

မေလ ၇ ရက်နေ့တုန်းက တောင်ယာသွားနေတဲ့ အမျိုးသားတဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့သလို စစ်ကြောင်းနဲ့ နီးစပ်တဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းတွေက လူထု ၁၀၀၀ ကျော် ထပ်မံတိမ်းရှောင်ခဲ့ကြရပါတယ်။

အခု သြဂုတ်လ တလထဲမှာပဲ ဖရူဆိုမြို့မှာ စစ်တပ်က လူနေအိမ်သုံးလုံး မီးရှို့ခဲ့ပါတယ်။ ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့သလို နေအိမ် ၂ လုံးထက်မနည်းပျက်စီးပြီး တောင်ယာသွားနေတဲ့ အမျိုးသားတဦး၊ အမျိုးသမီးတဦး ဒရုန်းစထိမှန်ခဲ့ပါတယ်။

ဒီလို အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြားထဲကနေ စပါးစိုက်ဖို့ နေ့တိုင်း စစ်ရှောင်စခန်းရှိရာကနေ ကျေးရွာအနီးက တောင်ယာခင်းထဲကို ရောက်အောင်သွားရတဲ့ တောင်သူတယောက်အတွက် အခြေနေက ကျီးလန့်စာစားနေရသလိုပါပဲ။

“အဝေးကြီးပြန်လုပ်ရတဲ့အတွက် အချိန်လည်းကုန် လူလည်းပင်ပန်းကြတယ်။ အသွားအပြန်လည်း သတိနဲ့ အမြဲသွားသွားလာလာ လုပ်ကြရတာပေါ့။ စစ်ကောင်စီတပ် ကအမြဲလိုလို ဒရုန်းကင်းထောက် လာတော့ ရှောင်ရတာနဲ့ အလုပ်ကဖြစ်သလောက် ဖြစ်မလာဘူးပေါ့။ အခဲခက်ကြုံတွေ့ရတာပေါ့ဗျ” လို့ ဖရူဆိုမြို့မှာ တောင်ယာစပါးစိုက်ပျိုးနေတဲ့ အမျိုးသားတဦးကပြောပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ကမ္ဘာပေါ်မှာ ဝမ်းရေးဒုက္ခကို ဆဋ္ဌမမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၁၂ ဒဿမ ၄ သန်း (လူလေးဦးလျှင် တဦးနီးပါး)က လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က သြဂုတ် ၂၀ မှာ ထုတ်ပြန်ပါတယ်။
အကယ်၍သာ လက်ရှိမြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲနဲ့ ဆက်လက်မြင့်တက်နေမယ်ဆိုရင် ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်ရနိုင်တယ်လို့လည်း WFP ကသတိ‌ပေးပါတယ်။

တဖက်မှာလည်း ပြည်တွင်း ဆန်၊စပါးထုတ်လုပ်ရေး အားကောင်းလာဖို့အတွက် စပါးကို အဖြစ်မနေစိုက်ကြဖို့ IEC က တိုက်တွန်းလေ့ရှိပါတယ်။ ဓာတ်မြေသြဇာ စျေးနှုန်းအဆမတန် မြင့်တက်မှုကြောင့်လည်း စိုက်ပျိုးစရိတ် လျော့ချနိုင်ဖို့ သဘာဝသွင်းအားစုထုတ်လုပ် အသုံးပြုနည်း နဲ့ စိုက်ပျိုးရေးနည်းပညာတွေကို အသိပညာပေးလုပ်ဆောင်နေတယ်လို့လည်း IEC စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန၊ ဒုတိယ ဌာနမှူး ဦးတင့်ဆွေ ပြောပါတယ်။

“ကျနော်တို့ ကတော့ ပြည်နယ်တွင်း ဆန်စပါး ဖူလုံမှု ရရှိအောင် ကျနော်တို့လည်း ဌာနတွေနဲ့ တောင်သူတွေကို အားပေးတယ်။ ပြီးရင် တောင်သူတွေကို ကျနော်တို့ဖက်က နိုင်သလောက် ဝန်းရံပေးတယ်။ ပံ့ပိုးပေးတယ်။ နည်းပညာအရသော်လည်းကောင်း၊ တချို့သော ပံ့ပိုးမှုအရသော်လည်းကောင်းပေါ့နော ကျနော်တို့ စွမ်းသလောက်တော့ လုပ်‌ပေးနေတာရှိတယ်ပေါ့နော” လို့ပြောပါတယ်။

ဌာနဖက်က တောင်သူတွေ စိုက်ပျိုးစရိတ် ကုန်ကျသက်သာအောင် နည်းပညာသင်တန်းပေးတာ၊ စပါးမျိုးစေ့ထုတ်ပေးတာ၊ သဘာဝသွင်းအားစု ထုတ်လုပ်အသုံးပြုနိုင်မယ့်နည်းပညာပေးတာ၊ ဌာန ဆီမှာ သဘာဝသွင်းအားစု ဒါမှမဟုတ် ဓာတုသွင်းအားစုတွေကို ဝယ်ယူနိုင်အောင် ရောင်းချပေးတာတွေလည်း ဆက်တိုက်လုပ်ဆောင်ပေးနေတယ်လို့ပြောပါတယ်။

ပြည်တွင်း စိုက်ပျိုးရေးပိုမိုဖြစ်ထွန်းလာရေးအတွက် ၂၀၂၆ ပထမ ၆ လပတ်ထဲမှာ ကရင်နီပြည်တွင်းက နန်းမယ်ခုံ၊ လွိုင်နန်းဖ၊ ကေးလျားမြို့နယ်ရှိ စပါးစိုက်ဧက ၁၅၅ ဧက အတွက် မျိုးစပါးဖြန့်ဝေပေးခဲ့တယ်လို့လည်း IEC ကထုတ်ပြန်ထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်ထိ မြန်မာ့ လူဦးရေ (၄) သန်း ဝန်းကျင်က နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး ကလေးငယ် ၃၆၀,၀၀၀ ကျော်တို့ကလည်း လတ်တလော အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ WFP ကပြောထားပါတယ်။

အခုလို မရှုမလှ မြင့်တက်လာတဲ့ ကိန်းဂဏန်းတွေကြားမှာ ကရင်နီလူထုတွေ အပါအဝင် မြန်မာ့လူထုတွေက မလျော့သောဇွဲ၊ လုံ့လတွေနဲ့ နေ့စဥ် စားဝတ်နေရေးအတွက် ဆက်လက်ရုန်းကန်နေကြဆဲပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ