ကန္တာရဝတီတိုင်း ( မ် )
အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့မှာ ဓာတ်ဆီရောင်းချမှုကို အာဏာသိမ်းစစ်တပ်က တားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ဆီရောင်းချမှုကို တားမြစ်ထားတာ တပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး ရောင်းချတာတွေ့ရင် ဒဏ်ငွေရိုက်မယ်လို့ ကြားသိထားတာကြောင့် ဆိုင်ပိုင်ရှင်တွေ မရောင်းချရဲဘူးလို့ လောပိတဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။
ဓာတ်ဆီရောင်းချရင် ဒဏ်ငွေရိုက်ပြီး အရေးယူမယ်ဆိုတာကို စစ်တပ်ကနေ တိုက်ရိုက်ပြောဆိုလာတာမျိုးမဟုတ်ဘဲ တဆင့်စကားနဲ့ တဆင့် ပြန်လည်ကြားသိရတယ်လို့ ဆိုပါတယ်။
“ဓာတ်ဆီပေးမရောင်းတာ တပတ်လောက်တော့ရှိပြီ။ အတိအကျတော့ မပြောနိုင်ဘူး။ ကြားမိသလောက်တော့ ရောင်းလို့မိရင် ဒဏ်ငွေရိုက်မယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် မရောင်းရဲကြဘူး။ ဒါပေမယ့် တချို့ဆိုင်တွေတော့ ရောင်းနေကြသေးတာ ရှိသေးတယ်။” လို့ အသက် ၃၀အရွယ် အမျိုးသမီးက ပြောပါတယ်။
ဒေသခံတွေကတော့ ဓာတ်ဆီတလီတာကို ၈၀၀၀ ကျပ်ဝန်းကျင်ပေးဝယ်ရတယ်လို့ ဆိုပါတယ်။ လောပိတမြို့ကို ကုန်စည်တွေ ဝင်ရောက်လာနိုင်တဲ့ အဓိကလမ်းကြောင်းဟာ လွိုင်ကော်နဲ့ လောပိတကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဖြစ်ပါတယ်။
အဆိုပါလမ်းကြောင်းပေါ်မှာ အာဏာသိမ်းစစ်တပ်က စစ်ဆေးရေးဂိတ်တွေ ချထားပြီး ကုန်တင်ကားတွေကို စစ်ဆေးတာပြုလုပ်နေသလို ဓာတ်ဆီသယ်ဆောင်လာမှုကိုလည်း ယခင်ကတည်းက တားမြစ်ထားတယ်လို့ လောပိတဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“လွိုင်ကော်ကနေ လောပိတကို ဆင်းလာတဲ့ စစ်တပ်ဂိတ်တွေမှာ ဓာတ်ဆီပေးမသယ်တာ ကြာပြီ။ အခုမှမဟုတ်ဘူး။” လို့ သူက ပြောပါတယ်။
လောပိတမြို့ဟာ စစ်အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး မြို့အနီးအနားမှာ ရံဖန်ရံခါ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။







