ကန္တာရဝတီတိုင်း(မ်)
“တဧကကို ပြီးပြီးစီးစီး တွက်ရမယ်ဆိုရင်တော့ အနည်းဆုံး ၃ သိန်းလောက်တော့ ရင်းနှီးရတယ်။ အများဆုံး မြေဩဇာတွေ၊ လူငှားတာတို့ ဘာတို့ အကုန်လုံးတွက်ရမယ်ဆိုရင်တော့ ၅ သိန်း လောက်တော့ ရင်းရတယ်ပေါ့နော်။ ဒါပေမယ့် အခုက ဒီလိုပြန်ဖြစ်သွားတော့ ရင်းထားတဲ့ အရင်းတွေ ပြန်လည်ရရှိနိုင်ဖို့ကတော့ အဆင်မပြေတော့ဘူး ဒီနှစ်တော့။”
ဒီးမော့ဆို (ရှေ့ ) မြို့နယ်မှာ လယ်စပါးစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တောင်သူ ခူးဦးရယ် က ပြောတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒီးမော့ဆို (ရှေ့ ) မြို့နယ်က ဒေသခံအများအပြားဟာ စစ်ဘေးကြောင့် လယ်ယာမြေတွေနဲ့ နေရပ်တွေကို စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ရင်း စားဝတ်နေရေးအတွက် မိမိတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည်လုပ်ကိုင်နေကြရပါတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့မလုံလောက်သလို အလုပ်အကိုင် အခွင့်အလမ်းလည်း နည်းပါးတာကြောင့် လယ်ယာလုပ်ငန်းဟာ စစ်ဘေးရှောင်တောင်သူတွေအတွက် အဓိကအားကိုးရာတခု ဖြစ်နေပါတယ်။
“အရှေ့ဘက်ခြမ်း အကုန်လုံးကတော့ စစ်ဘေးရှောင်တွေပါပဲ။ စစ်ဘေးရှောင်ကနေ အသွားအပြန် ပြန်လည်လုပ်ကိုင်စားသောက်နေကြရတယ်”
မျိုးရိုးစဉ်ဆက် လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလာပြီး လက်ရှိမှာ စစ်ဘေးရှောင်နေတဲ့ တောင်သူ ခူးပိုးရယ်က ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေကနေ လယ်ယာမြေတွေရှိရာကို မော်တော်ဆိုင်ကယ်နဲ့သွားရင် ပုံမှန်အားဖြင့် မိနစ် ၃၀ ခန့် ကြာမြင့်ပါတယ်။ လယ်ယာလုပ်ကိုင်ဖို့အတွက် စိုက်ပျိုးစရိတ်အပြင် သွားလာစရိတ်ပါ ထပ်မံကုန်ကျနေရပါတယ်။
တဧက စိုက်ပျိုးရာမှာ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ လူငှားခနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ပါဝင်ပြီး အနည်းဆုံး ကျပ် ၃ သိန်းဝန်းကျင်ကနေ အများဆုံး ကျပ် ၅ သိန်းဝန်းကျင်အထိ ကုန်ကျတယ်လို့ တောင်သူတွေက ဆိုပါတယ်။
ဒါတွေတင် မကသေးပါဘူး။ တောင်သူတွေရဲ့ စိုက်ပျိုးရေးကံကြမ္မာဟာလည်း ရာသီဥတုရဲ့ လက်ထဲမှာ ရှိနေပါသေးတယ်။ ဒီနှစ်ရဲ့ စပါးစိုက်ပျိုးရာသီမှာ မိုးရွာသွန်းမှု မမှန်ကန်တာ၊ မိုးနောက်ကျတာနဲ့ ပိုးကျတာတွေကြောင့် စပါးခင်းတွေ ပျက်စီးတယ်လို့ တောင်သူတွေက ပြောပါတယ်။ အထူးသဖြင့် ရေမကောင်းတဲ့ လယ်ယာတွေနဲ့ ကုန်းစပါးယာခင်းတွေမှာ ပျက်စီးမှုပိုများပါတယ်။
“ရာသီဥတု မမှန်ကန်မှုကြောင့်လည်း ပါတယ်။ ပိုးကျမှုကြောင့်လည်း ပါတယ်။ ဆိုတော့ စပါး အခြေအနေကတော့ ရေမကောင်းတဲ့နေရာတွေမှာ၊ ဒီကုန်းစပါးယာခင်းတွေမှာ အများအားဖြင့် အကုန်ပျက်စီးကြတာ များသွားတယ်။ ဥပမာ ၄၊ ၅ ဧကလောက် စိုက်မယ်ဆိုရင် ၁ ဧကလောက်ပဲ ကောင်းတယ်။ ၁ ဧကလောက်ပဲ စိုက်တဲ့အခင်းတွေဆိုရင် လုံးဝပြန်မရတော့တဲ့ အနေအထားမှာ ရှိသွားတယ်”
တောင်သူ ခူးဦးရယ်က ဒီးမော့ဆို (ရှေ့) မြို့နယ်က တောင်သူတွေ ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို ပြောပြတာပါ။
စပါးပင်တွေ ပျက်စီးမှုကြောင့် တချို့တောင်သူတွေဟာ ဆက်လက်ပြုစုဖို့ မဖြစ်နိုင်တော့ဘဲ စိုက်ခင်းတွေကို စွန့်လွှတ်ထားရတဲ့ အခြေအနေလည်း ရှိပါတယ်။
“ကျနော့်အကွက်ဆိုရင် လုံးဝပစ်ထားလိုက်ပြီ” လို့ တောင်သူ ဦးဗျားရယ်က ပြောပါတယ်။
မိုးနည်းပြီး စပါးခင်းတွေ ပျက်စီးခဲ့သလို ယခုစက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းချိန်တွေမှာလည်း တောင်ကျရေတွေ စီးဆင်းလာပြီး ချောင်းနဲ့နီးတဲ့ လယ်ယာမြေတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စပါးပင်တွေ ရေမြုပ်သွားခဲ့ပြီး စပါးနှံထွက်ချိန်နဲ့လည်း တိုက်ဆိုင်တာကြောင့် စပါးစေ့မပြည့်ဘဲ အထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။
ရာသီဥတုမမှန်ကန်မှုနဲ့ ပိုးကျမှုကြောင့် စပါးအထွက်နှုန်း ထိခိုက်လာတဲ့အပြင် စပါးဈေးနှုန်းကလည်း စိုက်ပျိုးစရိတ်နဲ့ မမျှတဘူးလို့ တောင်သူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဒီးမော့ဆို (ရှေ့ ) မြို့နယ်မှာ စပါးဈေးနှုန်းဟာ တပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်သာ ရရှိနေပါတယ်။
တဖက်မှာတော့ မြေဩဇာတအိတ်ကို ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသလို မျိုးစေ့၊ ပိုးသတ်ဆေး၊ လူငှားခနဲ့ သယ်ယူပို့ဆောင်စရိတ်တွေကိုပါ တောင်သူတွေက ထည့်တွက်ရပါတယ်။ တဧကကို ကျပ် ၃ သိန်း ကနေ ၅ သိန်းအထိ ရင်းနှီးထားရပေမယ့် စပါးအထွက်နှုန်း လျော့ကျတာနဲ့ ဈေးနှုန်းနိမ့်ကျတာကြောင့် ရင်းနှီးထားတဲ့အရင်းကို ပြန်လည်ရရှိဖို့ ခက်ခဲတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒီလိုအခက်အခဲတွေကြားမှာပဲ လယ်ယာလုပ်ငန်းဟာ စစ်ဘေးရှောင်တွေအတွက် အဓိကအားထားရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ ဒီးမော့ဆို (ရှေ့ ) မြို့နယ်အတွင်းမှာ လယ်ယာမြေဧရိယာတွေ ရှိနေပေမယ့် စစ်ရေးအခြေအနေကြောင့် လယ်ယာမြေအားလုံးကို လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်တာတော့ မဟုတ်ပါဘူး။
စစ်အစိုးရလက်အောက်ခံတပ် ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ တပ်ရင်းတွေအနီးနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့ နေရာတွေမှာ လုံခြုံရေးအခြေအနေ မတည်ငြိမ်တာကြောင့် လယ်ယာလုပ်ကိုင်ဖို့အတွက် လုံခြုံရေးအန္တရာယ် ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြားကပဲ စစ်ဘေးရှောင်တောင်သူတွေဟာ လယ်ယာမြေကို ပြန်လည်အားကိုးပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းဖို့ ကြိုးစားနေကြရပါတယ်။
အသက် ၄၅ နှစ်အရွယ် စစ်ဘေးရှောင်တောင်သူ ဒေါ်ကူးမိုကတော့ လယ်ယာလုပ်ငန်းကို ဆက်လက် အားကိုးနိုင်မလားနဲ့ ရေရှည်စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတာ စိုးရိမ်နေပါတယ်။
“အရမ်းစိုးရိမ်တယ်။ လယ်က မကောင်းတော့လေ။ ရာသီဥတုမမှန်တော့ စပါးက ပေါက်လာပေမယ့် အပင်တွေ နီရဲပြီး ပြန်သေကုန်တယ်။ ဆေးသုံးလည်း မထူးတော့ဘူး။ မြေဩဇာလည်း မနိုင်တော့ဘူး။ လာမယ့်ရေရှည်စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရမလဲ မသိတော့ဘူး။ တွေးကြည့်ရင်း အရမ်းစိုးရိမ်ပူပန်နေရတယ်”
စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေရတဲ့အခြေအနေမှာ လယ်ယာမြေကို ပြန်လည်လုပ်ကိုင် နေကြရပေမယ့် ရာသီဥတုမမှန်ကန်မှု၊ ပိုးကျမှုနဲ့ စပါးဈေးနှုန်းနိမ့်ကျမှုတွေကြားမှာ စစ်ဘေးရှောင် တောင်သူတွေအနေနဲ့ ရင်းနှီးထားတဲ့အရင်းကို ပြန်လည်ရရှိဖို့နဲ့ လယ်ယာလုပ်ငန်းကို ဆက်လက် အားကိုးပြီး ရေရှည်စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ခက်ခဲနေဆဲပါပဲ။





