ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ ချိတ်ကို နေရာအနှံ့ တွေ့ရတတ်ပေမယ့် စီးပွားဖြစ်လုပ်ကိုင်တာကတော့ ဒေသအလိုက်ကွာခြားပါတယ်။ ဒေသခံတွေအတွက် ချိတ်လုပ်ငန်းဟာ အခြေအနေအမျိုးမျိုးကြားမှာ ဝမ်းရေးကို တနိုင်တပိုင်ဖြေရှင်းပေးနိုင်တဲ့ ဝင်ငွေရလုပ်ငန်းတခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသတွေရဲ့ စီးပွားရေး၊ လူမှုဘဝနဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ ကဏ္ဍတွေထဲက တခုလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရတဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ တောင်ယာ၊ လယ်ယာ လုပ်ကိုင်နိုင်ခွင့်ကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် သူတို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းအနီးမှာ ချိတ်မွေးမြူပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အခုနောက်ပိုင်းမှာ ပိုမိုကြိုးစားလုပ်ကိုင်လာကြပါတယ်။
“နိုင်ငံရေးကြောင့် ချိတ်ဈေးက ပိုတက်တယ်လို့ ပြောရမလား၊ ငွေကြေးဖောင်းပွားတာလို့ပဲ ပြောရမလားပေါ့။” လို့ ဖရူဆိုမြို့နယ်က ချိတ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးက ပြောပါတယ်။
ယခင်နှစ်တွေထက် ချိတ်ဈေးအနည်းငယ်တက်လာပေမယ့် ကုန်ဈေးနှုန်းတွေ တက်နေတာကိုတော့ မမီနိုင်ဘူးလို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။
စစ်ဘေးရှောင်တွေက အလုပ်အကိုင် ရှားပါးမှု၊ စိုက်ပျိုးမြေ ရှားပါးမှု၊ လုံခြုံရေးအခြေအနေတွေကြောင့် နေရာအသီးသီးကို ပြောင်းရွှေ့ရတာဖြစ်လို့ ဝမ်းရေးပြေလည်နိုင်ဖို့ ရရာနည်းလမ်းနဲ့ ရုန်းကန်နေကြရတာပါ။
ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီ ချိတ်ဆက်ထားတဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ကျေးရွာ ၅ ရွာ အတွင်းက ဒေသခံတချို့နဲ့ စစ်ရှောင်စခန်း သုံးခုက စစ်ဘေးရှောင်တချို့ဟာ လက်ရှိမှာ စားဝတ်နေရေး အတွက် ချိတ်ကို အားထားနေရပါတယ်။ ဒါပေမယ့် အိမ်တိုင်းကတော့ ချိတ်မွေးမြူနိုင်ကြတာ မဟုတ်ပါဘူး။ အဲဒီစစ်ဘေးရှောင်စခန်း ၃ ခုမှာ အိမ်ခြေ ၂၀၀ ကျော် ရှိပြီး ထက်ဝက်ခန့်ကသာ ချိတ်မွေးမြူရင်း ရောင်းရငွေနဲ့ ဝမ်းရေးဖြေရှင်းနေကြတာပါ။ အဲဒီအထဲမှာ ယခင်က တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ရာကနေ လက်ရှိမှာ တောင်ယာလုပ်ကိုင်လို့ မရတော့တာကြောင့် ချိတ်ကို ပိုမိုအားထားလာရသူတွေ အများစု ပါဝင်ပါတယ်။

ဒါပေမယ့် ချိတ်မွေးတိုင်းလည်း အောင်မြင်တာ မဟုတ်ပါဘူး။ ချိတ်မွေးမြူထားတာ မအောင်ရင် ကျန်ရစ်တဲ့ ချိတ်အကြွင်းအကျန်တွေကိုသာ ပြန်လည်ခုတ်ယူပြီး ရောင်းချနေရတာတွေလည်း ရှိပါတယ်။
“စစ်ရှောင်တွေ ချိတ်ခုတ်ပြီး ဆန်ဝယ်စားရတာမျိုး ရှိတာပေါ့။ ဝင်ငွေမရှိတော့ ချိတ်ကြောင့် အဆင်ပြေသွားတာလည်း များပါတယ်။” လို့ စစ်ဘေးရှောင်ရင်း ချိတ်ကို အားထားကာ ဝမ်းရေးဖြေရှင်းနေရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ချိတ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် အားထားလာကြတဲ့ စစ်ဘေးရှောင်တွေက စိုက်ချိတ် (သို့) ချိတ်ပိုးဥ မွေးမြူတာကို လုပ်ဆောင်နေကြပါတယ်။ တချို့ကတော့ ယခင်ကတည်းက ဝင်ငွေတခုအဖြစ် လုပ်ကိုင်လာခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
ချိတ်ဆိုတာ ချိတ်ပိုးလို့ ခေါ်တဲ့ အပင်ကပ်ပိုးသေးသေးလေးတွေက သစ်ကိုင်းပေါ်မှာ ထုတ်လွှတ်ထားတဲ့ အစေးဖြစ်ပါတယ်။ Britannica အဘိဓာန်အရ ဒီအစေးကို ရှဲလ်လက် (shellac) နဲ့ အနီရောင်ဆိုးဆေး (lac dye) ထုတ်လုပ်ဖို့ ရိတ်သိမ်းကြပါတယ်။ ရှဲလ်လက်ကို မျက်နှာပြင်ဖုံးအုပ်ဆေး၊ အထည်အလိပ်၊ ပုံနှိပ်လုပ်ငန်း၊ အလှကုန်နဲ့ ဆေးဝါး၊ ကော်၊ လျှပ်စစ်လုပ်ငန်းတွေမှာ သုံးကြတာပါ။
ချိတ်ကို အဓိကထုတ်တဲ့ နိုင်ငံတွေက အိန္ဒိယ၊ ထိုင်း၊ တရုတ်တို့ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ အသေးစားအဆင့် ထုတ်လုပ်သူတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သစ်တောဦးစီး ဌာနဒေတာကို ကိုးကားထားတဲ့ FAO စာတမ်းအရ သစ်တောဦးစီးဌာနက ကုန်သွယ်ရေးအတွက် စာရင်းသွင်းတဲ့ သစ်တောထွက်ကုန်တွေထဲမှာ ချိတ်လည်း ပါဝင်ပါတယ်။ ချိတ်ပိုးတွေ ကျက်စားတဲ့ အပင်တွေက ပေါက်ပင် ၊ ကြို့ပင်၊ ဇီးပင်၊ ကုက္ကိုနဲ့ အင်ကြင်း စတာတွေဖြစ်ပြီး ကျက်စားတဲ့ အပင်အမျိုးအစားပေါ်မှာ ချိတ်အရည်အသွေး မူတည်တယ်လို့ ဆိုပါတယ်။
သဘာဝချိတ် မွေးမြူရေးဟာ ချိတ်ပိုးကောင်တွေ စတင်လွှတ်တင်ချိန်ကနေ ရိတ်သိမ်းချိန်အထိ ယေဘုယျအားဖြင့် (၄) လကနေ (၆) လခန့် ကြာနိုင်တယ်လို့ ဆိုပါတယ်။ ချိတ်ပိုးကောင်တွေကို ဇူလိုင်လမှာလွှတ်ရင် အောက်တိုဘာ၊ နိုဝင်ဘာမှာ စတင်ရိတ်သိမ်းနိုင်ပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာမှာ လွှတ်ရင်တော့ မေ၊ ဇွန်လမှာ ရိတ်သိမ်းနိုင်လို့ တနှစ်ကို (၂) ကြိမ် ရိတ်သိမ်းခုတ်ယူနိုင်ပါတယ်။
ချိတ် မွေးမြူနည်းအဆင့်ဆင့်ရှိပေမယ့် ညောင်ပင်၊ ကုက္ကိုပင် (သို့ မဟုတ်) ကြို့ပင် စတဲ့ ချိတ်ပိုးကျက်စားရာ အပင်တွေရဲ့ သစ်ကိုင်းတွေမှာ ချိတ်ပိုးကို စည်းနှောင်တွယ်ကပ်ပေးရပါတယ်။ ဖရူဆိုမြို့နယ်မှာတော့ ကုက္ကိုပင်နဲ့ ကြို့ပင်ကို အဓိက သုံးကြပါတယ်။

လက်ရှိမှာ ချိတ် အစိုဈေး တပိဿာ ၃၈,၀၀၀ ကျပ်၊ အခြောက်ဈေး ၅၂,၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။
“အခု အခြောက်ဈေးက ၅၂,၀၀၀ ကျပ်ပေါ့။ ပွဲစားတချို့က ၅၁,၀၀၀၊ ၅၂,၀၀၀ ထိ ကောက်ကြတယ်။ အရင်နှစ်တုန်းက ၅၂,၀၀၀ ထိတက်ပြီး ပြန်ကျသွားတယ်။” လို့ ဖရူဆိုမြို့နယ်က ချိတ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။
ပွဲစားဒိုင်မတူတာကြောင့် အစိုဈေး၊ အခြောက်ဈေး ကွာခြားမှုရှိသလို ပစ္စည်းအရည်အသွေးကို ကြည့်ပြီးလည်း ဈေးဖြတ်ကြပါတယ်။ ပစ္စည်းလှ/မလှ၊ တုတ်များ/မများကို သုံးသပ်ပြီး ဈေး အတက်အကျနဲ့ ဝယ်ယူနေကြတာပါ။
ချိတ်မွေးမြူရေးကို ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေက ဝမ်းရေးအတွက် တနိုင်တပိုင် ပိုမိုအားထားလာကြပေမယ့် ကုန်ဈေးနှုန်းတွေကလည်း လျင်မြန်စွာတက်နေတဲ့အတွက် ချိတ် ရောင်းရတဲ့ဝင်ငွေနဲ့ ဝမ်းရေးဖူလုံစေနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တောင်ယာလုပ်ငန်းကို စွန့်လွှတ်လိုက်ရတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအတွက်တော့ ချိတ် က ဝမ်းရေးအတွက် တနိုင်တပိုင် အားထားရတဲ့လမ်းကြောင်းတခု ဖြစ်နေဆဲပါ။







