spot_img
Homeသတင်းခဲဆိပ်ကြောင့် နှစ်စဥ် ကမ္ဘာ့လူဦးရေ ၃ ဒဿမ ၅ သန်းကျော် သေဆုံးနေတယ်လို့ WHO ပြော

ခဲဆိပ်ကြောင့် နှစ်စဥ် ကမ္ဘာ့လူဦးရေ ၃ ဒဿမ ၅ သန်းကျော် သေဆုံးနေတယ်လို့ WHO ပြော

-

ကန္တာရဝတီတိုင်း (မ်)

ကမ္ဘာတစ်ဝန်းမှာ ခဲဓာတ်နဲ့ထိတွေ့မှုကြောင့် နှစ်စဥ် လူ ၃ ဒဿမ ၅ သန်းကျော် ခဲဆိပ်သင့်ပြီး သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ သေဆုံးမှုအပြင် ကလေးသူငယ် သန်းပေါင်းများစွာလည်း ခဲဆိပ်ရဲ့ သက်ရောက်မှုဒဏ်ကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ခဲဓာတ်နဲ့ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်သင့်မှုက ကမ္ဘာတစ်ဝန်းမှာ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိနေပေမယ့် ဒါဟာ ကာကွယ်တားဆီးနိုင်တဲ့ ပြဿနာတခုဖြစ်တယ်လို့လည်း WHO က ဆိုပါတယ်။

ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေက ဖွံ့ဖြိုးဆဲအဆင့်မှာသာ ရှိနေပြီး ခဲသတ္တုရဲ့ အဆိပ်သင့်စေနိုင်တဲ့ အာနိသင်ကို အလွန်အမင်း ခံနိုင်ရည်မရှိတာကြောင့် ခဲဓာတ်က ကလေးငယ်တွေအတွက် အထူးအန္တရာယ်များတယ်လို့လည်း ဆိုပါတယ်။

ဆေးသုတ်ဆေး၊ ချက်ပြုတ်တဲ့ အသုံးအဆောင်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဟင်းခတ်အမွှေးအကြိုင်၊ စနစ်တကျမရှိတဲ့ ပြန်လည်အသုံးပြုခြင်း လုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုတွေ အပါအဝင် အခြားသော အရင်းအမြစ်များစွာကနေတဆင့် ခဲဓာတ်နဲ့ ထိတွေ့နိုင်တယ်လို့ ပြောပါတယ်။

ခဲဓာတ်နဲ့ ထိတွေ့မှုလို့ပြောရာမှာ ဘေးကင်းတယ်လို့ သတ်မှတ်နိုင်တဲ့ ပမာဏမရှိဘူးလို့လည်း WHO ကဆိုထားပါတယ်။ အလွန်နည်းပါးတဲ့ ပမာဏနဲ့ ထိတွေ့ရုံနဲ့တင် ပြန်လည်ကုစားလို့ မရနိုင်တဲ့ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်မှာတော့ ဖားဆောင်းမြို့နယ်၊ ‌မော်ချီးသတ္တုတွင်းကနေ ထွက်တဲ့ မိုလိုချောင်းမှာ အာဆင်းနစ်ဓာတ်ပါဝင်မှု ပမာဏက ရေတလီတာမှာ ၀.၅၅၄ မီလီဂရမ်အထိရှိနေပြီး ဘေးကင်းမှု ပမာဏရဲ့ ၅၅ ဆအထိ ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောထားပါတယ်။

ခဲဆိပ်သင့်နေတဲ့ မိုလိုချောင်းက သံလွင်မြစ်ထဲကို စီးဝင်နေတာဖြစ်ပြီး သံလွင်ကိုမှီတင်းနေထိုင်ကြတဲ့ လူတွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ IEC က သတိပေးထားပါတယ်။

WHO အဖွဲ့ဝင်နိုင်ငံတွေက ခဲဓာတ်နဲ့ ထိတွေ့မှုကို အရေးတကြီး ဖြေရှင်းရမယ့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တခုအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ဒါ့အပြင် ခဲဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို လျှော့ချဖို့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက်ရပ်ကို WHO ကရေးဆွဲသွားမယ်လို့လည်း ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ