spot_img
Homeသတင်းကရင်နီပြည်မှာ ၉ လအတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး ၈၆ ဦး ဒဏ်ရာရ

ကရင်နီပြည်မှာ ၉ လအတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး ၈၆ ဦး ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ၉လတာ စာရင်းဟာ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ တိုက်ခိုက်မှုဖြစ်စဉ် အရေအတွက်တွေ ဒီထက်ပိုများနိုင်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး အရပ်သားတွေ နေထိုင်ရာနေရာတွေ၊ တောင်ယာခင်း၊ လုပ်ငန်းခွင်တွေကို တိုက်ခိုက်နေတယ်လို့ စာရင်းအရ သိရပါတယ်။

၉လတာအတွင်း အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်၊ ဖမ်းဆီးသတ်ဖြတ်မှု ၁ ကြိမ်၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၇ ကြိမ်၊ လက်နက်ကြီးမတော်တဆပေါက်ကွဲမှု ၂ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

တိုက်ခိုက်မှုအမျိုးအစားအလိုက် ကြည့်မယ်ဆိုရင် ဒရုန်းတိုက်ခိုက်မှု ၃၁ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၇ ကြိမ်ရှိပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလာတာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“အခုကတော့ လူတိုင်းလိုလိုက စိတ်ပိုင်းဆိုင်ရာ ပိုထိခိုက်လာတာပဲ တွေ့ရတော့တယ်။ ဘယ်ချိန် လေယာဉ်လာမလဲ၊ လက်နက်ကြီးကျမလဲ၊ ဒရုန်းလာမလဲပေါ့နော၊ နားစွင့်နေရတာ။ ညတိုင်းဆိုရင်လည်း ကင်းထောက်လေယာဉ်တွေ မကြာခဏလာတယ်။ အိပ်မပျော်ဘူး၊ ကြောက်လန့်နေရတယ်။ ဘယ်တော့မှ နားအေးပါးအေး နေရမလဲ မသိတော့ဘူးပေါ့နော။ အကြောက်တရားပဲရှိတော့တယ်” လို့ သူက ပြောပါတယ်။

စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေအပြင် စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း KNDF က အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

KNDF ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၀ ဦး သေဆုံးကာ ၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အသေခံဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုတွေပါ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ