spot_img
Homeဆောင်းပါး“ရိတ်သိမ်းရာသီမှာ လုံခြုံရေးနဲ့ စရိတ်ကြီးမြင့်မှုကြား ရုန်းကန်နေရတဲ့ ကရင်နီတောင်သူများ”

“ရိတ်သိမ်းရာသီမှာ လုံခြုံရေးနဲ့ စရိတ်ကြီးမြင့်မှုကြား ရုန်းကန်နေရတဲ့ ကရင်နီတောင်သူများ”

-

ကန္တာရဝတီတိုင်း(မ်)

အောက်တိုဘာလဟာ စပါးစိုက်တောင်သူတွေအတွက် တနှစ်တာလုပ်အားရဲ့ အကျိုးကို ပြန်လည်ရိတ်သိမ်းရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့ ) မြို့နယ်က တောင်သူတွေအတွက်တော့ စပါးရိတ်သိမ်းချိန်ဟာ ဝမ်းစာအတွက် မျှော်လင့်ချက်တခုဖြစ်သလို လုံခြုံရေးအန္တရာယ်နဲ့ စရိတ်ကြီးမြင့်မှုတွေကိုပါ ရင်ဆိုင်နေရတဲ့ အချိန်ကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရပါတယ်။

ပူပြင်းတဲ့နေရောင်အောက်မှာ ရင့်မှည့်နေတဲ့ လယ်စပါးခင်းထဲမှာ အမျိုးသမီးတဦးက တယောက်ထဲ စပါးနှံတွေကို ရိတ်နေပါတယ်။ ရိတ်နေရင်းနဲ့လည်း ဘေးဘီဝဲယာကို မကြာခဏဆိုသလို အကဲခတ်ကြည့်နေပါသေးတယ်။

“စပါးကို လူများများနဲ့ရိတ်ရင် စိုးရိမ်ရတယ်။ လူနည်းနည်းနဲ့ပဲရိတ်လို့ အချင်းချင်းပြောနေကြတာ ရှိတယ်။ လူအများနဲ့ရိတ်ရင် တအားစိုးရိမ်ရတယ်။ စပါးရိတ်နေရင်း နားလည်းစွင့်ထားရသလို ဘေးကို ခဏခဏ အရိပ်အကဲတွေလည်း စောင့်ကြည့်ရင်း ရိတ်ရတော့ စိတ်ကလည်း ရှုပ်ရတာပေါ့။” လို့ အဆိုပါ စပါးရိတ်နေတဲ့ အမျိုးသမီးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လယ်ကွင်းပြင်တွေမှာ အရင်လို လူအများကြီးနဲ့ ပျော်ပျော်ပါးပါး စပါးရိတ်နေတဲ့ မြင်ကွင်းမျိုး မတွေ့ရတော့တာ ကြာပါပြီ။ အဓိက ကတော့ စစ်တပ်ရဲ့ လေကြောင်းရန်၊ ဒရုန်းရန် နဲ့ လက်နက်ကြီးရန်ကို စိုးရိမ်ကြောက်ရွံ့ရတာကြောင့်ပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ်(ရှေ့ )ကို အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းတွေအသုံးပြုပြီး အရပ်သားတွေရှိတဲ့နေရာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ အောက်တိုဘာလ ၃ ရက်နေ့မှာပဲ လယ်ထဲကနေပြန်လာတဲ့ တောင်သူတဦးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ရှင်းလင်းတဲ့ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေတဲ့ တောင်သူတွေဟာ မိမိတို့ လုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာကြပါတယ်။

လယ်ကွင်းထဲမှာ အလုပ်လုပ်နေရင်းတောင် ဘေးကင်းဖို့အတွက် ဝေဟင်ကိုပါ ခဏခဏ မော့ကြည့်နေရတာမို့ အလုပ်အပေါ်မှာ အာရုံစိုက်ဖို့တောင် မလွယ်ပါဘူး။ ဒါကြောင့်လည်း အကွယ်အကာမရှိတဲ့ လယ်ကွင်းတွေထဲမှာ အချိန်ကြာကြာ လုပ်ကိုင်တာ ၊ လူစုလူဝေး ဖြစ်နေတာကို တောင်သူတွေက တတ်နိုင်သလောက် လျော့ချနေကြရပါတယ်။

စစ်ဘေးရှောင်တချို့ကတော့ ဝင်ငွေလေးရအောင်ဆိုပြီး ဒေသခံတောင်သူတွေဆီမှာ အငှားလိုက်ပြီး စပါးရိတ်ပေးနေကြပါတယ်။ တရက်လုပ်အားခက ကျေးရွာအလိုက် ကျပ်တသောင်းခွဲကနေ နှစ်သောင်းဝန်းကျင်ရပေမယ့် စိတ်ထဲမှာတော့ အမြဲပူပန်နေရတာပါ။

“အငှားသွားလိုက်လို့ ဒရုန်းထိတာ၊ လက်နက်ကြီးထိတာ ဖြစ်လာရင် ခြံရှင်က တာဝန်ယူပေးမှာလား။” ဆိုပြီး စိုးရိမ်နေရတာကို စစ်ဘေးရှောင်နေတဲ့ ဦးဗျားရယ်က ပြောပြပါတယ်။

ရိတ်ချွေစက်နဲ့ရိတ်လိုက်ရင် အလုပ်ပိုမြန်သလို လယ်ကွင်းထဲမှာ အချိန်အကြာကြီး နေစရာမလိုတဲ့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကိုလည်း တစိတ်တပိုင်း လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ရိတ်ချွေစက်ခတွေက အရင်နှစ်ထက် ပိုဈေးကြီးလာတာပါ။

၂၀၂၅ ခုနှစ်တုန်းက တဧကကို နှစ်သိန်းဝန်းကျင်လောက်ပဲ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ နှစ်သိန်းခြောက်သောင်းအထိ ဖြစ်လာတာပါ။ ဒီနှုန်းထားကိုတော့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ ဒီနှစ်အတွင်း ရာသီဥတုကလည်းမမှန်တော့ စပါးအထွက်နှုန်းတွေက ကျလာတယ်လို့ အသက် ၃၀ ဝန်းကျင် တောင်သူတယောက်က ပြောပါတယ်။

“မကောင်းတဲ့လယ်ကွက်တွေဆိုရင် ထွက်လာတဲ့စပါးနဲ့ စက်ခနဲ့ဆိုရင် ဘာမှတောင်မကျန်တော့ဘူး။”လို့ သူက ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့အချိန်မှာ လယ်ယာစိုက်ပျိုးရေးကပဲ အဓိကအားထားရတဲ့ အလုပ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ မြှင့်တက်နေချိန်မှာ စပါးတပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်လောက်ပဲ ပေါက်ဈေးရှိနေချိန်မှာ စိုက်ပျိုးစရိတ်က တဧကကို ငါးသိန်းလောက် ကုန်နေတာပါ။ အကျိုးအမြတ်ရဖို့နေနေသာသာ အရင်းတောင် မကျေနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက စပါးဈေးနှုန်းတွေကို တိုးမြှင့်သတ်မှတ် ပေးလိုက်ပေမဲ့ မြေပြင်မှာတော့ အဲဒီဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်တောင်သူတွေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရချိန်မှာ လုံခြုံရေးအာမခံချက်လည်း မရှိ၊ စပါးဈေးကလည်းကျ၊ စိုက်စရိတ်ကလည်း ကြီးမြှင့်လာတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရပါတယ်။ တောင်သူတွေအတွက်ကတော့ မိမိတို့စိုက်ထားတဲ့သီးနှံတွေကို လုံခြုံစွာရိတ်သိမ်းနိုင်ပြီး သူတို့ရဲ့လုပ်အားနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တော်တဲ့ဝင်ငွေ ပြန်ရဖို့ပဲ အဓိကမျှော်လင့်နေကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ