spot_img
Homeဆောင်းပါး“ကန့်ကွက်မှုကြားကနေ နိုင်ငံတကာတက္ကသိုလ်ဆီ ပညာရေးခရီးကို လျှောက်လှမ်းလာနိုင်တဲ့ ကယားတိုင်းရင်းသူ မော်ဘီး”

“ကန့်ကွက်မှုကြားကနေ နိုင်ငံတကာတက္ကသိုလ်ဆီ ပညာရေးခရီးကို လျှောက်လှမ်းလာနိုင်တဲ့ ကယားတိုင်းရင်းသူ မော်ဘီး”

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Rangsit University မှာ International Relations and Development မေဂျာနဲ့ ဒုတိယနှစ် ပညာသင်ယူနေတဲ့ ကယားတိုင်းရင်းသူလေး မော်ဘီးဟာ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ သြစတေးလျား နိုင်ငံကြီးလေးနိုင်ငံမှာ သူမရဲ့ ဘဝမှတ်တိုင်တွေအဖြစ် ခြေရာတွေ တင်ချန်ထားနိုင်ခဲ့ပါတယ်။

မော်ဘီး တင်ချန်နိုင်ခဲ့တဲ့ ပညာရေးမှတ်တိုင်တွေထဲမှာ စိန်ခေါ်မှုကလည်း ဒုနဲ့ဒေးပါပဲ။

နိုင်ငံကြီးလေးခုကို သွားရောက်လေ့လာနိုင်ခဲ့တာကလည်း သူမရဲ့ ပညာရေးအစီအစဉ်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်တွေက သူမအတွက် လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ပြောရရင်တော့ ပုံစံခွက်တွေကို ဖောက်ထွက်ခဲ့ရသလို ရဲဝံ့တဲ့ တကိုယ်တော်ခရီးတွေကို စတင်ခဲ့ရတယ်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ဒီခရီးလမ်းကို မော်ဘီးဟာ အသက် ၂၄ နှစ်မှာ စတင်လျှောက်လှမ်းခဲ့တာပါ။ အချိန်အရ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ၊ ၂၀၂၄ ခုနှစ်ထဲမှာ ဖြစ်ပါတယ်။ အာဏာသိမ်းအပြီး ပြတ်တောက်သွားတဲ့ ပညာရေးလမ်းကြောင်းကို ပြန်လျှောက်ဖို့ မော်ဘီး စိတ်အားထက်သန်ခဲ့ပါတယ်။

မော်ဘီးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းသူ ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းကောလိပ်တခုမှာ Electronics and Communication Engineering မေဂျာနဲ့ တတိယနှစ်အထိ တက်ရောက်ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ သို့ မော်ဘီး သွားရောက်ခဲ့စဉ်။

စစ်အာဏာသိမ်းမှုကြောင့် သူမဟာ ဇာတိဖြစ်တဲ့ လွိုင်ကော်မြို့နဲ့ ကျောင်းပညာရေးကို စွန့်ခွာပြီး မိဘတွေနဲ့အတူ စစ်ဘေးရှောင်ခဲ့ရပါတယ်။

အဲဒီအချိန်မှာ မိဘတွေရဲ့ အစိုးရိမ်ရဆုံးအရာတခုက မိသားစုဝင်တွေ ကွဲကွာသွားမှာပါ။ ဒါကြောင့် ဝေးရာကို ပညာသွားသင်မယ့်အစား စစ်ရှောင်စခန်းမှာအတူနေပြီး ဝင်ငွေရမယ့် အလုပ်တခုခုကိုသာ လုပ်ကိုင်ဖို့ သူမကို တိုက်တွန်းခဲ့ကြပါတယ်။ ၂၄ နှစ်ဆိုတာ ပညာရေးလမ်းကြောင်းကို ပြန်သွားဖို့ လွန်နေပြီလို့လည်း မိဘတွေက ယူဆကြတယ်လို့ မော်ဘီးက ပြောပါတယ်။

“ဒီးကူးကျောင်း ဝင်ခွင့်ရတယ် ဆိုပြီးတော့ ပို့တဲ့အချိန်မှာ သွားမယ်လို့ စိတ်က ဆုံးဖြတ်လိုက်ပြီ။ သူတို့က မသွားနဲ့၊ မလုပ်နဲ့ အဲလိုတားတော့ စိတ်ဓာတ်ပိုကျတယ်။ သိတယ်မလား။ နဂိုကတည်းက လူက နေရင်းထိုင်ရင်း စိတ်ဓာတ်ကျနေပြီဆိုတော့” လို့ မော်ဘီးက သူမရဲ့ ပညာရေးခရီးကို စတင်ခဲ့ပုံကို ပြန်ပြောပြပါတယ်။

မော်ဘီး ပညာရေးခရီးကို ပြန်စခဲ့တဲ့ ဒီးကူးကျောင်းဆိုတာက နယ်စပ်တနေရာမှာ ဖွင့်လှစ်ထားတဲ့ အထက်တန်းလွန်ကျောင်းဖြစ်ပြီး ပညာရေးခရီးကို ရှေ့ဆက်လိုတဲ့ ကျောင်းသားလူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ကျောင်းတကျောင်းပါ။

စစ်ဘေးရှောင်စခန်းထဲမှာ မရေရာတဲ့ ရှေ့ရေးကို အမြဲတွေးနေရလို့ ‘မသွားနဲ့’ ဆိုတဲ့ မိဘရဲ့ စကားတခွန်းကြောင့် ညဘက်အိပ်မပျော်ခဲ့ဘူးလို့ သူမက ပြောပါတယ်။ ဒါပေမဲ့ ပညာရေးကို တချိန်က အထိုက်အလျောက် အားပေးခဲ့တဲ့ မိဘတွေကို အပြစ်မတင်ဘဲ တယောက်တည်း ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ မိဘတွေဆီကနေ ထွက်လာပြီးနောက် ပထမဆုံး ရောက်တဲ့နေရာမှာ မော်ဘီးမှာ နေထိုင်စရာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ နေစရာကို ရှာဖွေခဲ့ရင်း အသိမိတ်ဆွေတယောက်ရဲ့ အကူအညီနဲ့ နေရာရခဲ့ပါတယ်။ အဲဒီအချိန်မှာ မိဘတွေဆီက အဆက်အသွယ်ရခဲ့တယ်လို့ သူမက ပြောပါတယ်။

Kasetsart University မှာ Model United Nation သွားရောက်ပါဝင်ခဲ့တဲ့ မော်ဘီး အား တွေ့ရစဉ်။

“၂၀၂၄ အရှေ့ဖက်ခြမ်း [ဒီးမော့ဆို(ရှေ့ ) မြို့နယ်] ထွက်လာပြီးနောက် ပထမဆုံး ရောက်တဲ့အချိန်မှာ နေစရာမရှိဘူးရော။ အဲတုန်းက နေစရာသိပ်အဆင်မပြေတော့ ကံကောင်းချင်တော့ အသိတယောက်နဲ့ တွေ့တာပေါ့နော။ အဲအသိတယောက်အိမ်မှာနေတဲ့ ပထမ တရက်၊ နှစ်ရက်၊ သုံးရက်လောက်ပေါ့။ သူတို့ [မိဘတွေ] ဖုန်းဆက်လာသေးတယ်” လို့ မော်ဘီး က ပြောပါတယ်။

မိုင်ပေါင်းရာချီ ခရီးကို မိသားစုဝင် မဟုတ်တဲ့ ပြင်ပလူတချို့ရဲ့ အကူအညီနဲ့ ဆက်သွားရင်း မော်ဘီးဟာ ထိုင်းနိုင်ငံနယ်စပ်ဒေသကို ရောက်ခဲ့ပါတယ်။

“ပညာရေးက ပို‌ကောင်းတဲ့ နောက်ကမ္ဘာတဖက်ခြမ်းကိုဖွင့်ပေးနိုင်တဲ့ သော့တခုလို့ထင်တယ်” လို့ ခံယူထားတဲ့ မော်ဘီးရဲ့ ပညာရေးခရီးလမ်းဟာ ဒီလိုနဲ့ ပြန်လည်စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယအကြိမ်လည်း သူမဟာ မိဘတွေဆီကနေ ပညာရေးခရီး ဆက်လျှောက်ဖို့ ငြင်းပယ်ခံခဲ့ရပါသေးတယ်။ ဒီးကူကျောင်းကို တက်ရောက်နိုင်ဖို့ မိဘတွေက တားဆီးခံခဲ့ရသလိုပဲ နိုင်ငံတကာ တက္ကသိုလ်ကို ဆက်တက်နိုင်ဖို့ စကောလားရှစ်ရကြောင်း အီးမေးလ်ကို လက်ခံရပြီးနောက်မှာလည်း စကောလားရှစ်ကို ဆက်မယူပဲ ပြန်လာဖို့ကိုသာ မိဘတွေက တိုက်တွန်းခဲ့ကြတယ်လို့ မော်ဘီး က ပြောပါတယ်။

“စ‌ကောလားရှစ် email ရပြီးတော့မှ ရန်ကုန်တက်ပြီး ပတ်စ်ပို့လုပ်ရမယ့် အချိန်မှာလည်းသူတို့က စကောလားရှစ်ကို ဆက်မယူတော့ဖို့ အဲတာကို ဒီအတိုင်း reject လုပ်ပြီးတော့မှ ပြန်လာဖို့ပြောတော့ နဲနဲစိတ်ဓာတ်ကျသွားတယ်” လို့ မော်ဘီးက နိုင်ငံတကာတက္ကသိုလ်ကို ဆက်တက်ဖို့ သူမ ရင်ဆိုင်ခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။

၂၀၂၅ ခုနှစ် မေလမှာ မော်ဘီးဟာ ကျောင်း၊ နေ၊ စား စရိတ်အားလုံး တာဝန်ယူပေးမယ့် နိုင်ငံတကာ စကောလားရှစ် သုံးခု ရရှိခဲ့ပါတယ်။ အဲဒါတွေကတော့ Child’s Dream Fully Funded Scholarship၊ Daughters Rising Fully Funded Scholarship နဲ့ Ho Chi Minh City Open University Fully Funded Scholarship တို့ ဖြစ်ပါတယ်။

Rangsit University မှာ Model United Nation ပါဝင်ခဲ့စဥ်.

အဲဒီအချိန်မှာ မိဘတွေနဲ့ စကားပြောခြင်းကို လျှော့ချဖို့ သူမ ဆုံးဖြတ်ခဲ့ပါတယ်။

“သူတို့နဲ့ စကားနဲ့ပြောဖြစ်ရင် ကိုယ် motivation ကျမယ်၊ စိတ်ဓာတ်ပိုကျဖြစ်မယ်ထင်လို့ အဲဒီနောက် သူတို့နဲ့ စကားသိပ်မပြောဖြစ်တော့ဘူး” လို့ မော်ဘီးက ပြောပါတယ်။

နိုင်ငံလေးနိုင်ငံမှာ ပညာရေးဆိုင်ရာ လေ့လာရေးခရီးတွေ ထွက်ခဲ့ရသလို ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာတဲ့အခါ သူမကို စိတ်မချခဲ့တဲ့ မိဘနှစ်ပါးရဲ့ သဘောထားလည်း ပြောင်းလဲလာပါတယ်။

“ဘာလို့ အဲတုန်းက မသွားခိုင်းတာလဲဆိုတာကိုတော့ တခါမှ မမေးဖူးဘူး” လို့ မော်ဘီးက ပြောပါတယ်။

မမေးခဲ့တာကလည်း သူမက မောင်နှမ ၅ ယောက်ထဲက ဒုတိယအကြီးဆုံး ဖြစ်လို့ အငယ်တွေရဲ့ ပညာရေးကို ဦးစားပေးဖို့ လိုအပ်တာ ဖြစ်လိမ့်မယ်လို့ သူမ ယူဆထားလို့ပါ။

“ဒီနောက်ပိုင်းကျတော့ အားပေးတယ်၊ လုပ် လို့ အဲလိုမျိုးပြောလာတာတော့ရှိတယ်” လို့ အခုချိန်မှာ မိဘတွေရဲ့ အားပေးထောက်ခံမှု ပြန်ရလာကြောင်း သူမက ပြောပြပါတယ်။

လက်ရှိမှာတော့ မော်ဘီးဟာ ကျောင်းတက်ရင်း အချိန်ပိုင်းစာပြပေးနေသလို သူမနဲ့ အလားတူ စကောလားရှစ်ရဖို့ ကြိုးစားနေတဲ့ လူငယ်တွေကို စကောလားရှစ်အကြောင်း မျှဝေတဲ့ အစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။

ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့အစီအစဉ် မရှိသေးပေမဲ့ ပညာရေးဆိုင်ရာ အကြပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ကရင်နီလူငယ်တွေကို တတ်နိုင်သမျှကူညီဖို့ မော်ဘီး အဆင်သင့် ဖြစ်နေပါပြီ။

စင်္ကပူနိုင်ငံ NUS National University of Singapore သို့ မော်ဘီး လေ့လာရီးရောက်ခဲ့တဲ့စဉ်။
spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ