spot_img
Homeဆောင်းပါး“စစ်ပွဲကြားက ကရင်နီကလေးငယ်တွေရဲ့ ပညာရေးနဲ့ မရေရာတဲ့ အနာဂတ်”

“စစ်ပွဲကြားက ကရင်နီကလေးငယ်တွေရဲ့ ပညာရေးနဲ့ မရေရာတဲ့ အနာဂတ်”

-

ကန္တာရဝတီတိုင်း(မ်)

ကျောင်းနေအရွယ်ကလေးငယ်တယောက်အတွက် ပညာသင်ယူတာ၊ သူငယ်ချင်းတွေနဲ့ ကစားတာနဲ့ မိသားစုအတွင်း လုံလုံခြုံခြုံနေထိုင်ရတာတွေဟာ အခြေခံအခွင့်အရေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်နီပြည်က ကလေးငယ်အများစုအတွက်တော့ ဒီလိုရိုးရှင်းတဲ့ ကလေးဘဝအခွင့်အရေးတွေဟာ စစ်ပွဲတွေ၊ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် လက်လှမ်းမမီနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

ကရင်နီပြည်တွင်း ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို အရပ်သားပြည်သူတွေ ခံစားနေရသလို ကလေးငယ်တွေလည်း ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ မိသားစုနဲ့အတူ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ကလေးငယ်တွေဟာ ပုံမှန်ဘဝတွေကို စွန့်လွှတ်လိုက်ရရုံသာမက ပညာသင်ယူခွင့်နဲ့ ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေကိုပါ ဆုံးရှုံးနေရပါတယ်။

“လက်နက်ပဋိပက္ခတွေ၊ စစ်ဘေးဒဏ်တွေကြောင့် ပညာရေးပြတ်တောက်မှုတွေရှိတယ်။ ပညာသင်ကြားခွင့်ရတာတောင်မှ ဘယ်အချိန် လေယာဉ်လာမလဲ၊ ဘယ်အချိန် လက်နက်ကြီးတွေ ထုလာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သင်ကြားနေရပါတယ်” လို့ ဒီးမော့ဆို (ရှေ့ ) မြို့နယ်ထဲမှာ ပညာသင်ယူနေတဲ့ ၉ တန်းကျောင်းသူ မော်စဲမို က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်းတွေကြောင့် မော်စဲမိုတို့လို ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးခရီးဟာ အာမခံချက်မရှိတဲ့အပြင် အချိန်မရွေး ထပ်မံတိမ်းရှောင်ရနိုင်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရပါတယ်။

“စစ်ဘေးကြောင့် ကိုယ်ဝါသနာပါတဲ့အရာတွေကို လက်လွှတ်လိုက်ရတာ အများကြီးရှိတယ်။ အနာဂတ်တွေက ပျောက်ကွယ်လုနီးပါးပဲ။ ပညာရေးကို အဆုံးထိ သင်ယူချင်တဲ့ဆန္ဒတွေတောင် ဖြစ်လာနိုင်ပါ့မလား မသေချာတော့ဘူး” လို့ ၁၂ တန်း ကျောင်းသူတဦးက ပြောပါတယ်။

စစ်ဘေးရှောင်ကလေးငယ်တွေဟာ မိသားစုရဲ့ အခက်အခဲတွေကို နားလည်ပြီး မိဘတွေရဲ့ ဝန်ကို ဝေမျှထမ်းဆောင်နေကြရပြီး တချို့ကလေးငယ်တွေဟာ မိသားစုစားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်နေရတယ်လို့ ကျောင်းဆရာမတဦးက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာန ဌာနမှူးကြီးက ၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသားအရေအတွက်ဟာ ၂၀၂၅ ပညာသင်နှစ်ထက် ၂,၀၀၀ နီးပါး လျော့နည်းသွားတယ်လို့ ဒီနှစ် ဩဂုတ်လမှာ ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပညာရေးအခြေအနေ ပိုမိုခက်ခဲလာသလို လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ စာသင်နေရတဲ့ ကလေးတချို့ဟာ စိတ်ဒဏ်ရာတွေ ရလာကြပြီး အာရုံစူးစိုက်မှုနဲ့ စာအပေါ် စိတ်ဝင်စားမှုတွေ အားနည်းလာတာကို တွေ့ရတယ်လို့ ဌာနမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့လည်း စစ်ဘေးရှောင်နေရတဲ့အပြင် ပုံမှန်ဝင်ငွေရတဲ့ အလုပ်အကိုင်တွေ မရှိတာကြောင့် သားသမီးတွေရဲ့ ပညာရေးကို ဦးစားမပေးနိုင်တော့ဘူးလို့ သူမက ထပ်လောင်းပြောပါတယ်။

ဒီးမော့ဆို (ရှေ့ ) မြို့နယ်ထဲက ကျောင်းတာဝန်ခံ ဆရာမတဦးကတော့ လက်ရှိပညာသင်ကြားရေးမှာ လုံခြုံရေးနဲ့ သင်ထောက်ကူပစ္စည်း အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဒီကြားကာလမှာ ကလေးတွေ ပညာသင်ယူဖို့ အခက်အခဲအများကြီးရှိတယ်။ လုံခြုံမှုမရှိသလို စာရေးကိရိယာတွေမှာလည်း လုံလောက်မှုမရှိဘူး။ ကျောင်းသား ၃ ယောက်ကို ၁ အုပ်နဲ့ သင်ယူနေရတဲ့ အခြေအနေမျိုးပါ” လို့ အထက်ပါကျောင်းဆရာမက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေကို မကြာခဏ ပိတ်ထားရတာ၊ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်း မလုံလောက်တာနဲ့ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးရရှိဖို့ ခက်ခဲတာတွေဟာ ကလေးငယ်တွေရဲ့ ပညာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။

“ကလေးသူငယ်တွေ ပညာသင်ကြားခွင့် အပြည့်အဝရရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ပညာသင်ယူနေတဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာ စာသင်ကြားနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လုံခြုံရေးဇုန် (Safe Zone) အဖြစ် တရားဝင်သတ်မှတ်ပြီး ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးသူငယ်များနေ့ (World Children’s Day) ဟာ ကလေးသူငယ်တိုင်းရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြု လေးစားဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘေးကင်းလုံခြုံစွာ ကြီးပြင်းဖွံ့ဖြိုးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ဖို့ သတိပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ အသံနဲ့ အမြင်တွေကို နားထောင်ပေးဖို့၊ သူတို့ရဲ့ အနာဂတ်အတွက် လူမှုအသိုင်းအဝိုင်း တရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းတဲ့နေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတဝှမ်းမှာတော့ ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်နဲ့လုံခြုံစွာနေထိုင်ခွင့်ဟာ စိန်ခေါ်မှုတွေကြားမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကလေးငယ်တွေအတွက် ပညာရေးဆိုတာ စာသင်ခန်းထဲမှာ စာသင်ယူခွင့်တခုတည်း မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်၊ မိမိဝါသနာပါတဲ့ အရာတွေကို ဆက်လက်လုပ်ဆောင်ခွင့်နဲ့ ကိုယ်ပိုင်အနာဂတ်ကို တည်ဆောက်ခွင့်လည်း ဖြစ်ပါတယ်။ စစ်ပွဲတွေကြားမှာ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ ကရင်နီအပါအဝင် မြန်မာတဝှမ်းက ကလေးငယ်တွေအတွက် ပညာသင်ယူခွင့်နဲ့ ဘေးကင်းလုံခြုံစွာ ကြီးပြင်းခွင့်ကို အာမခံပေးနိုင်ဖို့ဟာ ကလေးငယ်တိုင်းရဲ့ မျှော်လင့်ချက်တခု ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ