ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့)မြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တောင်သူတွေဟာ ယခုနှစ် စိုက်ပျိုးထားတဲ့ သီးနှံတွေ အထွက်နှုန်းနဲ့ ဈေးနှုန်းကျဆင်းမှုကြောင့် လာမယ့်ကာလတွေမှာ စားဝတ်နေရေး မဖူလုံမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အများစုဟာ စားဝတ်နေရေးအတွက် နှမ်းစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်တွေရဲ့ ထောက်ပံ့မှုလည်း အားနည်းလာတာကြောင့် စစ်ဘေးရှောင်အများစုကတော့ ဒေသခံတွေရဲ့ မြေယာတွေကို ငှားရမ်းပြီး နှမ်းစိုက်ပျိုးကြပါတယ်။
ဒါပေမဲ့ ဒီနှစ်စိုက်ပျိုးရာသီမှာ ထွက်ရှိလာတဲ့ နှမ်းတွေဟာ အရည်အသွေးနဲ့ အထွက်နှုန်းပိုင်းမှာ မျှော်မှန်းသလောက် မကောင်းတဲ့အပြင် ဈေးနှုန်းလည်း ကျဆင်းနေတဲ့အတွက် ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်တယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။
“စားဝတ်နေရေးကတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ။ ၅၀ ရာခိုင်နှုန်းတောင်မှ မသေချာဘူး။ ဘာဖြစ်လို့လဲဆိုရင် တချို့က နှမ်းကောင်းတာတွေရှိတယ်။ လုံးဝကောင်းတာတော့ မရှိဘူး ဒီနှစ်က။ အလယ်အလတ်လောက်ပဲ။ ပြီးတော့လည်း နှမ်းဈေးက မရှိတာနဲ့ဆိုတော့ စားဝတ်နေရေးကတော့ တော်တော်အခက်တွေ့မယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ နှမ်းအထွက်နှုန်းနဲ့ ဈေးနှုန်း ပိုမိုကောင်းမွန်ခဲ့ပြီး တပိဿာကို ကျပ် ၁၃,၀၀၀ ကနေ ၁၅,၀၀၀ အထိ ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ နှမ်းစတင်ထွက်ရှိချိန် တပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်သာ ရရှိခဲ့ပြီး နောက်ပိုင်းမှာ ကျပ် ၁၀,၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
တောင်သူ အများစုက စားဝတ်နေရေးအတွက် ငွေကြေးလိုအပ်ချက်ရှိတာကြောင့် တပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်နဲ့သာ ရောင်းချခဲ့ရတယ်လို့ ဒေါတမကြီးကျေးရွာအုပ်စု တာဝန်ရှိသူတဦးက ပြောပါတယ်။
“အရင်နှစ်ကတော့ စစပေါ်ချိန်မှာ ၁၂,၀၀၀၊ ၁၃,၀၀၀။ နောက်ဆုံးရောင်းတဲ့သူကျတော့ ၁၅,၀၀၀ အထိရတယ်။ ဒီနှစ်ကျတော့ စစပေါ်ချိန်ကတော့ ၉,၀၀၀၊ ပြီးရင် ၈,၀၀၀၊ ၈,၅၀၀ နဲ့ အများဆုံးထွက်သွားတယ်။ ၁၀,၀၀၀ တောင်မှ ဝေးဝေး တစ်အိမ်လောက်ပဲ ရောင်းလိုက်ရတယ်” လို့ သူက ပြောပါတယ်။
စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေဖို့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြပေမယ့် ရာသီဥတုမမှန်ကန်မှုကြောင့် နှမ်းစိုက်တောင်သူတွေအပြင် စပါးစိုက်တောင်သူတွေလည်း အထွက်နှုန်းထိခိုက်ပြီး အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိ ဒီးမော့ဆို(ရှေ့)မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၁ သောင်းကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။







