ကန္တာရဝတီတိုင်း ( မ် )
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်ဦးရေ တသိန်းကျော်ရှိပြီး ကရင်နီဒုက္ခသည်လူဦးရေက ၉ ရာခိုင်နှုန်းရှိတယ်လို့ The Border Consortium (TBC) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ လူဦးရေစာရင်းအရ သိရပါတယ်။
ထိုင်း–မြန်မာနယ်စပ်တလျှောက် မယ်ဟောင်ဆောင်၊ တာ့ခ် ၊ ကန်ချနာဘူရီ ၊ ရတ်ချဘူရီ ခရိုင်က ဒုက္ခသည်စခန်းမှာ နေထိုင်သူ စုစုပေါင်း ၁၀၁,၆၀၇ ဦးရှိပါတယ်။ လူမျိုးအလိုက် ကရင်က ၈၁.၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ကရင်နီ ၉ ရာခိုင်နှုန်း၊ ဗမာ ၅.၁ ရာခိုင်နှုန်း၊ အခြားလူမျိုး ၄.၃ ရာခိုင်နှုန်းနဲ့ မွန် ၀.၅ ရာခိုင်နှုန်း ရှိတယ်လို့ TBC ရဲ့ ထုတ်ပြန်ချက်စာရင်းမှာ ဖော်ပြထားပါတယ်။
TBC ရဲ့ စာရင်းအရ ကရင်နီဒုက္ခသည်စခန်း – ၁ ( BanMaiNaiSoi) မှာ အမျိုးသမီး ၄,၆၁၄ ဦးနဲ့ အမျိုးသား ၄,၂၉၅ ဦး စုစုပေါင်း ၈,၉၀၉ ဦး နေထိုင်ကြပါတယ်။
နယ်စပ်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို TBC က အဓိက ပံ့ပိုးပေးနေတာပါ။ ဒါပေမဲ့ ရန်ပုံငွေရရှိမှု အခက်အခဲတွေကြောင့် ၂၀၂၆ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အကူအညီဖြတ်တောက်ခံထားရပါတယ်။
အကူအညီဖြတ်တောက်ခံရပြီးနောက် ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေရဲ့ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် ထိုင်းအစိုးရက စခန်းပြင်ပထွက် အလုပ်လုပ်ကိုင်ခွင့်ပေးထားပြီး အခက်ခဲ၊ စိန်ခေါ်ချက်တွေ ရှိနေပေမယ့် ကိုယ်တိုင်ရုန်းကန်ကြရမယ်လို့ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း တနည်းအားဖြင့် ဘန့်မိုင်နိုင်းဆွိုင် ဒုက္ခသည်စခန်း ရဲ့ ကော်မတီဥက္ကဋ္ဌ ကိုစိုင်းလုံက ပြောပါတယ်။
“ကျနော်တို့ကတော့ ဘယ်လိုဖြစ်ဖြစ် ဝမ်းစာရေးအတွက်တော့ ရုန်းကန်ရမယ်။ စိန်ခေါ်မှု၊ အခက်အခဲတော့ ကြုံတွေ့ရမှာပဲ။ အလုပ်သွားလုပ်မယ့်သူတွေဆိုလည်း ကိုယ်ကြိုက်တဲ့အလုပ်လည်း လုပ်ရမယ်၊ မကြိုက်တဲ့အလုပ်လည်း လုပ်ရမယ်။ ကျနော်တို့ မလုပ်လည်း ဝန်ဆောင်မှုမရတဲ့အတွက် မိမိကိုယ်တိုင် ရုန်းကန်ရမယ်။ သည်းခံရမယ်။ ခံနိုင်ရည်ရှိရမယ်” လို့ ကိုစိုင်းလုံက ဆိုပါတယ်။
လက်ရှိ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းကနေ ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်နေသူ ၆၀၀ ကျော်ရှိနေဆဲဖြစ်ပါတယ်။ အလုပ်အကိုင်အဆင်မပြေတာ၊ အခက်အခဲတချို့တွေကြောင့် ဒုက္ခစခန်းကို ပြန်လာသူလည်း ရှိနေပါတယ်။
မယ်ဟောင်ဆောင်ခရိုင်အတွင်း Ban Mai Nai Soi ( ဘန်မိုင်နိုင်းဆွိုင် ) စခန်းမှာ ၈,၉၀၉ ဦး ၊ Ban Mai Surin ( ဘန်မိုင်ဆူရင် ) မှာ ၃,၁၁၅ ဦး ၊ Mae La Oon ( မယ်လအွန်း ) မှာ ၁၁,၃၁၈ ဦး နဲ့ Mae Ra Ma Luang ( မယ်ရာမလွမ် ) မှာ ၁၂,၁၈၉ ဦး စုစုပေါင်း လူဦးရေ ၃၅,၅၃၁ နေထိုင်ကြတယ်လို့ TBC စာရင်းအရ သိရပါတယ်။






