Homeကန္တာရဝတီတိုင်း(မ်)တော်လှန်ရေးမှာ စုဖွဲ့မှုအားကောင်းဖို့အတွက် မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း KRU ဆို

တော်လှန်ရေးမှာ စုဖွဲ့မှုအားကောင်းဖို့အတွက် မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း KRU ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ စုဖွဲ့မှုအားကောင်းဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို ( DMO-PDF ) နဲ့ ကယား( ကရင်နီ ) တော်လှန်ရေး တပ်ပေါင်းစုအဖွဲ့ ( KRU ) တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ယမန်နေ့ ဇွန်လ ၂၄ရက်နေ့မှာ ပူးတွဲထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီလိုမဟာမိတ်ဖွဲ့လိုက်တာဟာ စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ အကျိုးသက်ရောက်မှု အများကြီးရှိလိမ့်မယ်လို့ KRU ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

“ အကျိုးသက်ရောက်မှုက ရှိမှာပဲ။ အားကောင်းကောင်းနဲ့ကို ရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကျနော်တို့ မဟာမိတ်ဖွဲ့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း စစ်ကောင်စီကို အားလုံးပူးပေါင်းပြီး တော်လှန်မယ်။ တော်လှန်တဲ့နေရာမှာလည်း ကျနော်တို့ ဒီ ဦးဆောင်ကော်မတီကိုပဲ ဖွဲ့စည်းထားတာမျိုး မဟုတ်ပဲ ကျနော်တို့ဒီ မြေပြင်ရဲဘော်အချင်းချင်းလည်း ကျနော်တို့ နားလည်မှုရှိရှိနဲ့ တိုက်ထုတ်မယ်ပေါ့။ အဓိက ပြောချင်တာကတော့ ကျနော်တို့ စုဖွဲ့မှု အားကောင်းလေလေ စစ်ကောင်စီကို ဖြိုလဲဖို့ ကျနော်တို့အတွက် အခွင့်အရေးပဲပေါ့နော“ လို့ ကိုလင်းလင်းက ပြောပါတယ်။

ဒီလိုဖွဲ့စည်းဖို့အတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပေမယ့် အခက်အခဲတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ကိုလင်းလင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ DMO နဲ့ မဟာမိတ်ဖွဲ့လိုက်တာကလည်း ဒါက အခက်အခဲမရှိ ကျနော်တို့ ဆွေးနွေးကြတဲ့ ကိစ္စမှာ အဆင်ပြေချောမွေ့တယ်ပေါ့နော။ နှကိုယ်ကတည်းကလည်း ကျနော်တို့ NUG လမ်းစဉ်ပဲလိုက်တယ်။ သို့ပေမယ့် NUG လက်အောက်မှာ အသိအမှတ်ပြုခံရတဲ့ အဖွဲ့ အစည်းတော့ မဟုတ်ဘူးပေါ့နော။ သို့ပေမယ့် NUG က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျနော်တို့ လိုက်တယ်ပေါ့နော။ အဲ့ဒီအတွက် ကျနော်တို့ အခက်အခဲမရှိဘူးပေါ့“ လို့ ကိုလင်းလင်းက ဆက်ပြောပါတယ်။

ဒီလိုမဟာမိတ် ပူးပေါင်းတဲ့အပေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး – ၁ ခူဒယ်နီးယာယ်က အခုလို ပြောပါတယ်။

“KNDF၊ PDF၊ KGZ အားလုံးတွေက ကရင်နီပြည်ထဲမှာပဲ ရှိနေကြတယ်။ အခြေခံကြတယ်ဆိုလို့ရှိရင် ဒီအဖွဲ့တွေအားလုံးက တစ်ဖွဲ့တည်း ရှိတာ အကောင်းဆုံးပဲ။ အခုလိုမျိုး ဖွဲ့တာကလည်း ကောင်းတော့ ကောင်းပါတယ်။ သို့သော် နာမည်အရသာ နာမည်ပဲ ရှိပါလိမ့်မယ်။ လုပ်ထုံးလုပ်နည်းက ဦးဆောင်မှု တစ်ခုတည်းကနေ မသွားဘူးဆိုလို့ရှိရင် အောင်မြင်ဖို့ကတော့ အခက်အခဲ ပိုရှိနိုင်တယ်“ လို့ ခူးဒယ်နီယာယ်က သုံးသပ်ပြောဆိုထားပါတယ်။

DMO-PDFဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) လမ်းညွှန်မှုနဲ့ ကရင်နီပြည်တွင်းမှာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်အတွင်းမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေ ထဲက Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊ Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit၊ Southern Shan People Defense Force (SSPDF) တို့ စုပေါင်းပြီး ၂၀၂၂ခုနှစ် ဧပြီလ ၆ရက်နေ့မှာ Karenni Revolution Union – KRU ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ