spot_img
15.5 C
Loikaw
Monday 15, December 2025
spot_img
Homeသတင်းဇူလိုင်လ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

ဇူလိုင်လ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေကြောင့် အရပ်သားစုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ရပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ် ( KNDF ) က ဒီကနေ့ သြဂုတ်လ ၅ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း အရပ်သားပြည်သူ ၁ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုး တပ်စွဲထားတဲ့နေရာတွေမှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့ပြီး တစ်လအတွင်း ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်လအတွင်း တိုက်ပွဲအတွင်းဖြစ်စေ လူထုရှိတဲ့နေရာကိုဖြစ်စေ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၂ ကြိမ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းအားဖြင့် စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်နေတာြဖစ်တယ်လို့လည်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ပြည်သူလူထုတွေရှိတဲ့ စစ်ရှောင်စခန်းတွေပေါ့နော။ ကျေးရွာတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ နောက်ပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေပေါ့နော။ ဆိုတော့ ပြည်သူလူထုတွေနေတဲ့ ရွာတွေ စစ်ရှောင်စခန်းတွေကို ဒါ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တယ် စစ်ရှောင်စခန်တွေကို တိုက်ခိုက်တယ်ပေါ့နော။ အဲဒါတွေကိုလည်း ကျူးလွန်တယ်ပေါ့နော။” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ ( ၂ ) လုံး၊ ဆေးပေးခန်း ( ၁ ) လုံး၊ စာသင်ကျောင်း ( ၂ ) လုံး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်းမှာလည်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၇၅ ဦးရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ( ISP Myanmar ) ကလည်း ၂၀၂၃ ခုနှစ် ၅ လအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သား သေဆုံးမှုမြင့်မားလာပြီး ကရင်နီပြည်နယ်ဟာ (၁၅၉) ဦးနဲ့ တတိယအများဆုံးရှိနေတယ်လို့ ဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ