ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ သြဂုတ်လ တစ်လအတွင်း အမျိုးသမီး ၅၄ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ မှတ်တမ်းအရ သိရပါတယ်။
အဆိုပါ သေဆုံးမှုတွေထဲ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီး ၈ ဦး ပါဝင်ပြီး အဲ့ဒီသေဆုံးမှုက နိုင်ငံတစ်ဝှမ်း အမျိုးသမီးသေဆုံးမှုမှာ တတိယမြောက်အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မော်ချီးကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရသူတွေတချို့က ဆေးရုံဆင်းကြပြီဖြစ်ပြီး တချို့ကတော့ ကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့လည်း ကျန်းမာရေး ဝန်ဆောင်မှုပေးသူတွေဆီက သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအပြင် နိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခုနှစ်ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ရှစ်ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် သုံးဦး စုစုပေါင်း ၇၃ ဦး ရှိပြီး အဲ့ဒီထဲမှာ ၁၄ဦး ကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာတော့ အမျိုးသမီးသေဆုံးသူ စုစုပေါင်း ၂၇ ဦးနဲ့ အများဆုံးဖြစ်နေပြီး မကွေးတိုင်းဒေသကြီးမှာ ၁၄ ဦး ရှိတယ်လို့ ဆိုထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အနေနဲ့ ဒေတာအချက်အလက်တွေကို လက်လှမ်းမှီနိုင်ဖို့ အခက်အခဲရှိနေဆဲဖြစ်ပြီး မြေပြင်မှာတော့ ထိခိုက်သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ ပြောပါတယ်။