spot_img
24.4 C
Loikaw
Friday 14, November 2025
spot_img
Home၂၀၂၅ ရွေးကောက်ပွဲရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမယ့် မြို့နယ်ထဲ ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်ပါဝင်

ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမယ့် မြို့နယ်ထဲ ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်ပါဝင်

-

ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ( ၂ ) မှာ ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်ပါဝင်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲအပိုင်း(၂) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမယ့် မြို့နယ်ပေါင်း (၁၀၀) မြို့ ရှိပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃လ ဝန်းကျင်ရှိနေပါပြီ။ တိုက်ပွဲတွေကြောင့် ဖရူဆိုမြို့နယ်က ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ တခြားနေရာကို ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဆိုပါ မြို့ ၂ မြို့မှာတော့ မြို့ပေါ်နေရာတချို့ကလွဲရင် ကျန်မြို့နယ်အတွင်းက ဒေသအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။ ဒီးမော့ဆိုမြို့ပေါ်က စစ်ကော်မရှင်အခြေစိုက် ခလရ (၁၀၂) တပ်ရင်းရှိတဲ့ ငွေတောင်ကျေးရွာအုပ်စုမှာတော့ ဒေသခံတွေကို နေရပ်ပြန်လာဖို့ စစ်ကော်မရှင်က ပြောဆိုတာရှိပါတယ်။
“ဒါကတော့ ရွေးကောက်ပွဲအတွက် မဲထည့်နိုင်ဖို့ပဲ ခေါ်တာလို့မြင်တယ်။ လူတိုင်းက ကိုယ့်ပြည်နယ်ရဲ့ အခြေအနေကို သိတော့ ရွေးကောက်ပွဲကိုလည်း အယုံကြည်မရှိပါဘူး။ စိတ်လည်းမဝင်စားကြဘူးဆိုပေမယ့် သူတို့ (စစ်ကော်မရှင်) ထိန်းချုပ်တဲ့ နေရာမှာတော့ မဖြစ်မနေ မဲထည့်ရမယ်လို့ထင်တယ်။” လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECက ကြေညာထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်း၊ ဒေသ အသီးသီးက မဲဆန္ဒနယ်က ၁၂၁ ခု ရှိပြီး အဲ့ဒီထဲမှာ ကရင်နီပြည်က ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ် တို့ ပါဝင်ပါတယ်။ ကရင်နီပြည်မှာ မြို့နယ် ၇ မြို့ရှိတာကြောင့် စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ် ၄ ခု ဖြစ်ပါတယ်။
စစ်ကော်မရှင် ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် ကရင်နီပြည်မှာ ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဖြစ်ပါတယ်။
စစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲကို ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ