ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖားဆောင်း – မယ်စဲ့ ကို သွားတဲ့ လမ်းမကြီး (၅) မိုင် အနီးမှာ ကြိုးဆွဲချလျက်သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၀) ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။
“အဲ့ (၅) မိုင် ဆိုင်ကို ကျနော်တို့ကွမ်းယာ သွားဝယ်ရင်း တွေ့တာ။” လို့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မျက်မြင်တွေ့ရှိသူ အမျိုးသား တဦးက ပြောပါတယ်။

အဆိုပါ အမျိုးသား သေဆုံးခဲ့တဲ့ နေ့၊ အချိန်ကိုတော့ မသိရှိရပေမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့မှာပဲ ကြိုးဆွဲချလျက် သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သူနေထိုင်တဲ့နေရာသို့ သယ်ပြန်လို့ အဆင်မပြေတာကြောင့် နယ်မြေခံအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ အဆင်ပြေတဲ့တနေရာမှာ မိသားစုဝင်တွေနဲ့အတူ မြေမြှုပ်သဂြိုလ် ပေးခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆက်ပြောပါတယ်။
“ကျနော်တို့လည်း သေချာတော့ မသိပေမယ့် မထင်မှတ်ပဲ လမ်းဘေးမှာ တွေ့တာဖြစ်လို့ သူ့ရဲ့ နောက်ဆုံးခရီးအထိတော့ ဆောင်ရွက်ပေးခဲ့တယ်ပေါ့နော်။ အဲ့နေရာကလည်း စစ်မြေပြင်နဲ့လည်း အရမ်းနီးတယ်လေနော်။ အဲ့ကြောင့်မို့ အဲ့နယ်မြေဖြစ်တဲ့ ကလလတ ရဲ့ မြို့နယ်မှုးတွေနဲ့ပဲ အကောင်းဆုံး စီစဉ်ပေးခဲ့ကြတယ်ပေါ့နော်.. သူ့ရဲ့နောက်ဆုံးခရီးကိုတော့။” လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတဦးက ဆက်ပြောပါတယ်။
သေဆုံးသူအမျိုးသားမှာ ဖားဆောင်းမြို့ ပါပုကျေးရွာ ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ သေဆုံးသွားတဲ့ အမျိုးသားနဲ့ မိသာစုးဟာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက စစ်ဘေးရှောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။




