ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်၊ ဒရုန်း နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို အောက်တိုဘာလ ၈ ရက်နေ့ကစလို့ လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
“ရှောင်ကုန်ပြီ။ ဘာလို့လဲဆိုတော့ လေယာဉ်က အဲ့ဒီနားမှာပဲ ကျတယ်ကော။ လေယာဉ် အဲ့ဒီနားကျပြီး ညတော့ လက်နက်ကြီးတွေ လာတယ်။ ဒရုန်းလာတယ်။” လို့ ဒေသခံအမျိုးသားတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
အရေးပေါ် ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ဒေသခံတချို့ကတော့ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကိုပါ ချန်ထားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ တိမ်းရှောင်နေရတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
“ကျမတို့ တနေရာပြီးတနေရာ ရှောင်နေရတော့ မိုးကာ၊ အိမ်သာခွက်တို့၊ ဆန်၊ ဆီ၊ ဆားတို့ အဲ့ဒီလိုမျိုးတွေ အရေးပေါ်လိုတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေ တိမ်းရှောင်နေရတာ သုံးရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး ခန့်မှန်းခြေ လူဦးရေ ၅၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ အောက်တိုဘာလ ၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အထိနာတဲ့ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အချိန်မရွေးတိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ဖို့ နဲ့ တော်လှန်ရေးအင်အားစုတွေ ကန့်သတ်ထားတဲ့နယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ အသိပေးထားပါတယ်။







