ကန္တာရဝတီတိုင်း ( မ် )
အာဏာသိမ်းစစ်အစိုးရက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးဖို့ ထပ်မံဖိတ်ခေါ်နေချိန်မှာ NCA လမ်းကြောင်းနဲ့ ကရင်နီပြည်အရေးကို ဆုံးဖြတ်လို့မရဘူးလို့ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဒုဝန်ကြီး ခူးဒယ်နီယာယ်က ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ NCA ( ၁၁ ) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့ပြီး NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမယ်လို့ ပြောဆိုခဲ့တာပါ။
“အခု ဖိတ်ခေါ်တာကတော့ အခု လတ်တလော သူတို့ကို တိုက်နိုင်တဲ့ အဖွဲ့အနေနဲ့တော့ ဘာမှ လုပ်မှာမဟုတ်ဘူး။ လုပ်မယ်ဆိုရင် အားလုံးသဘောတူညီချက်နဲ့ SCEF အနေနဲ့ လုပ်မယ်ပေါ့လေ။ ဆိုတော့ KNPP တဖွဲ့တည်းနဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ ကရင်နီပြည်အရေးတောင်မှ KNPP တခုတည်းနဲ့ ဆုံးဖြတ်လို့မရတော့တဲ့ အနေအထားမျိုးမှာ ကျနော်တို့ဖက် ဘာမှ စဥ်းစားစရာတော့ မရှိဘူးပေါ့။”လို့ ခူးဒယ်နီယာယ်က ဆိုပါတယ်။
ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ အာဏာမသိမ်းခင်ကတည်းက NCA မှာ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို အာဏာသိမ်းပြီးနောက်မှာလည်း NCA ပျက်စီးသွားပြီလို့ ဆုံးဖြတ်ထားကြောင်း ခူးဒယ်နီယာယ်က ပြောပါတယ်။
“KNPP က အာဏာမသိမ်းခင်ကတည်းက NCA မထိုးခဲ့ဘူး။ အာဏာသိမ်းတော့လည်း NCA က ပျက်စီးပြီဆိုပြီးတော့ အဲဒီလိုပဲ ဆုံးဖြတ်ချက်ချထားတယ်။ တကယ်လို့ အခြားလမ်းကြောင်းတစ်ခုခုနဲ့ ပြန်သွားမှပဲ အဲဒါမှ ပါဝင်နိုင်မယ်” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။
အရင်ကလည်း အာဏာသိမ်းစစ်အစိုးရဘက်က NCA နှစ်ပတ်လည်နေ့အခမ်းအနားတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ငြိမ်းချမ်းရေးဖိုရမ်တွေနဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွေကို ကျင်းပခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေက ရရှိလာတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမယ်လို့လည်း အာဏာသိမ်းစစ်အစိုးရက ပြောဆိုထားပါတယ်။
NCA ( ၁၁ ) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
NCA ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ရေးအတွက် ချမှတ်ထားတဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်မယ်လို့ ပြောဆိုထားသလို PDF တပ်ဖွဲ့တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့လည်း ထည့်သွင်းပြောသွားပါတယ်။







