ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်ကြားကာလလွှတ်တော် ( KSIP ) က ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လိုက်နာကျင့်သုံးနိုင်မယ့် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကြမ်းကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ ဧကာဒဿမ အစည်းအဝေးမှာ ဥပဒေတရပ်အဖြစ် အတည်ပြုပြဌာန်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ဒီဥပဒေက အနာဂတ်မှာ ပြည်နယ်ရဲ့ တပ်ဖွဲ့တခုဖြစ်တဲ့ ညီညွတ်သောကရင်နီပြည်နယ်တပ် (UKSA) ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မူကြမ်းရေးဆွဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။
“ဒါကျနော်တို့ လိုအပ်တယ်။ ပြည်သူတွေကလည်း ဒါလိုမျိုးလိုအပ်တယ်ပေါ့လေးနော။ ဒီလိုမျိုးတွေ မရှိတဲ့အတွက်ကြောင့် ကျနော်တို့ တပ် တတပ်နဲ့ တတပ်ကြားမှာ မတူညီတဲ့ ပုံစံမျိုးတွေရှိတယ်။ မတူညီတဲ့ စီမံခန့်ခွဲမှုတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီအပေါ်မှာ တပြေးညီဖြစ်သွားအောင်လို့ ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ပြဌာန်းတာဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလလွှတ်တော် ဒုတိယဥက္ကဌလည်းဖြစ်၊ ဥပဒေကြမ်း ရေးဆွဲရေးနဲ့ စိစစ်ရေးကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ ဦးအားလ်ဒိုက ပြောပါတယ်။
ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေက အမိန့်နာခံမှု၊ စည်းမျဥ်း၊ စည်းကမ်းလေးစားလိုက်နာမှု အားကောင်းလာစေဖို့လည်း ရည်ရွယ်တယ်လို့ တဆက်တည်းပြောပါတယ်။ ဒါ့အပြင် ပြည်နယ်တပ် ကနေတဆင့် ပြည်ထောင်စုကို ကာကွယ်နိုင်တဲ့ စည်းစနစ်ကျတဲ့ တပ်တခုဖြစ်လာအောင် ရည်ရွယ်ပြီးပြဌာန်းထားတယ်လို့ ဦးအားလ်ဒိုက ပြောပါတယ်။
ဥပဒေက စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍတွေကို အသားပေးရေးဆွဲထားတာဖြစ်ပြီး တခြား တရားစီရင်ရေး၊ ဖွဲ့စည်းပုံဆိုင်ရာ အခန်းကဏ္ဍတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို ဥပဒေတရပ် ပြဌာန်းလိုက်တာက ပြည်နယ်တပ် အားကောင်းလာရေးအတွက် အထောက်အကူ ဖြစ်လာမယ်လို့လည်း ကရင်နီ စစ်ဘေးရှောင်အမျိုးသမီးတဦးက အခုလို ပြောပါတယ်။
“အားလုံးက ပြည်နယ်တပ်ဖြစ်ဖို့ကို မျှော်လင့်နေကြတဲ့အချိန်မှာ အခုလို တပ်တွေအားလုံး လိုက်နာရမယ့် ဥပဒေတရပ်ပေါ်ပေါက်လာတယ်ဆိုတော့ ကျမတို့လည်း ဒီကနေ အားရပါတယ်။ စည်းလုံးတဲ့တပ်တခုကနေ ပြည်သူတွေ အားထားယုံကြည်ရတဲ့ တပ်ဖြစ်လာဖို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ ဒါကလည်း လက်ရှိ တော်လှန်ရေးကိုအားဖြည့်ပေးရုံတင်မက လာမယ့် အသွင်ကူးပြောင်းရေးကာလမှာ ကျမတို့မှာ အင်အားကောင်းပြီး စည်းကမ်းရှိတဲ့ တပ်တခုရှိလာဖို့ မျှော်လင့်ချက်တစ်ခုလို့လည်း မြင်မိပါတယ်” လို့ သူက ပြောပါတယ်။
ကရင်နီတပ်ပေါင်းစုံစစ်ဘက်ဆိုင်ရာဥပဒေကြမ်းကို ပြည်နယ်အတွင်းမှာရှိတဲ့ တပ်ဖွဲ့အင်အားစု ၊ သက်ဆိုင်ရာအစိုးရ၊ အမျိုးသမီးအင်အားစု၊ ပါဝင်သင့်တဲ့အုပ်စုတွေကနေ တနှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး ရလာတဲ့ ရလဒ်ကို အတည်ပြုပြဌာန်းတာဖြစ်တယ်လို့လည်း ဦးအားလ်ဒိုက ပြောပါတယ်။







