Homeသတင်းကျန်းမာရေးတရုတ်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်နေ

တရုတ်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်နေ

-

နော်ဒွေးအယ်ခူ

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို Business Visa (လုပ်ငန်းဗီဇာ) နဲ့ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်သွားမယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းကပြောပါတယ်။

“မနေ့က(ဖေဖော်ဝါရီ ၁၀ရက်နေ့) သံသယလက္ခာဏာရှိ မရှိ သွားစစ်ဆေးတယ် ဒီနေ့လည်း သက်ဆိုင်ရာကျန်းမာရေးဌာနကထပ်သွားမယ်။ ပြန်ရောက်တဲ့ရက်ကစ ၁၄ရက်လောက် ကျတော်တို့ စောင့်ကြည့်ရမယ်” လို့ ဒေါက်တာကပြောပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦးမှာ အသက်၃၀အရွယ်ရှိ Mr. Yang XiaoChual နဲ့ ၅၁နှစ်အရွယ် Mr. Li Xian Guo တို့ပဲဖြစ်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသားနှစ်ဦးကို ၁၄ရက်အတွင်း နေထိုင်တဲ့အခန်းတွင်းကနေ အပြင်မထွက်ခိုင်းဘဲ တစ်ရက်လျှင် မနက်တစ်ကြိမ် ညတစ်ကြိမ် အဖျားလက္ခာဏာရှိ မရှိ ကို စောင့်ကြည့်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ ရေနီကန်ရှိ သတ္တုသန့်စင်စက်ရုံမှာ အလုပ်လုပ်ကိုင်သူများဖြစ်ပြီး Business Visa (လုပ်ငန်းဗီဇာ) ဖြင့် ၁၀ ပတ်အကြာ လာရောက်နေထိုင်မှာဖြစ်တယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရပါတယ်။

“ကျတော်တို့အပိုင်းက နိုင်ငံခြားသားတွေဝင်လာတယ်ဆိုရင် လဝကရဲ့ဥပဒေအရ သူတို့သတင်းပို့ရတယ်။ သတင်းပို့တဲ့အချက်အလက်တွေကို ကျန်းမာရေးကိုပို့လိုက်တယ် ကျန်းမာရေးက ဥပမာ ဂျာမန်တို့ဘာတို့ဆိုရင် စစ်ချင်မှစစ်မှာလေ အခု အထူးသဖြင့် တရုတ်ဖြစ်နေခါကျတော့ ကွင်းဆင်းစစ်ဆေးတာပေါ့။ အဲလို ပူးပေါင်းဆောင်ရွက်ပေးပါတယ်” လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်ကပြောပါတယ်။

၎င်းတို့ ဌာနအနေနဲ့ ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေရဲ့ သတင်းအချက်အလက်တွေကို ကျန်းမာရေးဌာနကို သတင်းပို့ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ စုပေါင်းပြီး ကယားပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ပြည်တွင်းပြည်ပခရီးသည်တွေကို ဇန်နဝါရီလ ၂၇ရက်နေ့မှ စနစ်တကျ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ နိုင်ငံပေါင်း ၂၈နိုင်ငံထိရှိနေပြီး ကူးစက်ခံရသူ ၄သောင်းကျော်နဲ့ သေဆုံးသူ တစ်ထောင်ကျော်ရှိနေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံသားများအား ရောဂါစစ်ဆေးနေစဉ် (ဓါတ်ပုံ – Loikaw Township Public Health Department (Facebook))

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ