spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်း (ဆူထျေး၊ ဆူဂေး) တစ်ခုကို ရေထွက်ပေါက်တစ်နေရာမှာ ပြုလုပ်

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ လူထုတွေအတွက် ရာသီဥတုမှန်ကန်ပြီး လယ်ယာသီးနှံအထွက်တိုးအောင် ရည်ရွယ်ပြုလုပ်တဲ့ ကယားလူမျိုးတွေရဲ့ “ဆူထျေး၊ဆူဂေး” ဓလေ့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ထီးပရူနူ ရေထွက်ပေါက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကယားလူမျိုးတွေရဲ့ “ဆူထျေး၊ဆူဂေး” ဓလေ့ကို ထွန်ယက်စိုက်ပျိုးချိန်မတိုင်ခင်မှာ မိမိတို့ မှီခိုစားသောက်တဲ့ ရေချောင်း၊ ရေကန် ရဲ့ ရေထွက်နေရာမှာ သွားရောက်ပူဇော်ပသ လေ့ရှိကြတာဖြစ်ပါတယ်။

ရိုးရာဓလေ့ယုံကြည်ကြသူတွေကတော့ “ဆူထျေး၊ဆူဂေး” ပြုလုပ်တာဟာ ထွန်ယက်စိုက်ပျိုးတဲ့ နေရာမှာ မိုးရွာသွန်းမှုနဲ့ သီးနှံအထွက်တိုးစေတယ်လို့ ယုံကြည်ကြတာကြောင့် နှစ်စဉ်ပြုလုပ်လေ့ရှိကြပါတယ်။

“မိုးကောင်းဖို့ နဲ့ ကျနော်တို့ ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ အတွက်ပေါ့။ မိုးကောင်းမှပဲ ကျနော်တို့ စိုက်ပျိုးလုပ်ကိုင်တဲ့အခါ အောင်မြင်ဖြစ်ထွန်းမယ်။ အကောင်းဆုံးကတော့ တစ်နှစ်တစ်ကြိမ် လုပ်တာပေါ့။ ကျနော်တို့ အများစုက ပုံမှန်မလုပ်ပေးနိုင်ဘူး။ ဒီနေ့လို နိုင်ငံရေးအခြေအနေအရ လူစုဝေးတာက အခက်အခဲရှိနေတယ်။” လို့ ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။

ထီးပရူနူ ရေထွက်ပေါက်မှာ ပြုလုပ်ခဲ့တဲ့ “ဆူထျေး၊ဆူဂေး” မှာ အနီးအနားကျေးရွာက ဒေသခံတချို့လည်း လာရောက်ပြီး ပူဇော်ပသခဲ့ကြပါတယ်။

“ဆူချေး၊ ဆူဂေး” ပြုလုပ်ရာမှာတော့ ပူဇော်ပသဖို့အတွက် လိုအပ်တဲ့ ကြက်၊ ဝက်ကို သယ်ဆောင်သွားရပြီး ရေထွက်ပေါက်နေရာမှာပဲ ကြက်ရိုးထိုး ပူဇော် ကြပါတယ်။

ရေထွက်ပေါက်မှာ ပူဇော်ပသပြီးတဲ့နောက်မှာတော့ အဲ့ဒီ ရေထွက်ပေါက်က ရေကို ယူဆောင်လာပြီး ကျေးရွာထဲက တံခွန်တိုင် ခြေရင်းမှာ လောင်းချကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရိုးရာကို ယုံကြည်သက်ဝင်သူတွေကတော့ ယခုနှစ်အတွက် မိုးကောင်း၊ရေကောင်း ရရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကြက်ရိုးထိုးတာအောင်မယ်ဆိုရင်တော့ မိုးကောင်းမယ်၊ ရေကောင်းမယ်ပေါ့။ မအောင်ရင်တော့ မိုးခေါင်မယ်၊ ရေမကောင်းဘူးပေါ့။ အဓိကကတော့ မိုးကောင်း၊ရေကောင်းဖို့ အတွက် ပူဇော်ကြတာပေါ့။” လို့ ဆူထျေး၊ကေးပြုလုပ်တဲ့ ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေအရ အကျဉ်းချုံးသာပြုလုပ်နိုင်ပြီး နိုင်ငံရေးကောင်းတဲ့တနေ့ကျရင် ကျွဲဖြူ၊ ဝက်ဖြူ စတာတွေနဲ့ ပူဇော်ပသတာမျိုးလုပ်ဆောင်ရမယ်လို့ “ဆူထျေး ဆူဂေး” ပြုလုပ်တဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

“အရင်နှစ်ကဆိုရင် ဆူထျေး၊ဆူဂေး လုပ်ပြီးပြန်လာတော့ ကြက်ရိုးကအောင်တယ်ပေါ့နော။ အိမ်ပြန်ရောက်တာနဲ့ မိုးရွာတယ်။ ၃ရက်ထက်မပိုဘူးပေါ့နော။ မိုးရွာလာတာပဲ ကွက်တိပဲ” လို့ ဆူထျေး၊ကေးပြုလုပ်တဲ့ တောင်သူတစ်ဦးက ယခင်နှစ်က ဆူထျေး၊ဆူကေး ပြုလုပ်ခဲ့တဲ့ အကြောင်းကို ပြောပါတယ်။

လက်ရှိ “ဆူထျေး၊ဆူဂေး” ပြုလုပ်နေတဲ့ ထီးပရူနူ ရေထွက်ပေါက်ဟာ ဖရူဆိုမြို့နယ် အတွင်းက ဒေသခံတွေအားထားရတဲ့ ရေထွက်ပေါက်တစ်ခုဖြစ်ပါတယ်။

spot_img
spot_img