spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်တွင် ကရင်အာဇာနည်နေ့ကို ဝတ်ပြုဆုတောင်းခြင်သာ ပြုလုပ်နိုင်ခဲ့

Author

Date

Category

နော်ဒွေးအယ်ခူ

ဒေသန္တာရအမိန့်ကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်အာဇာနည်နေ့ အခမ်းအနား မကျင်းပနိုင်သည့်အတွက် ဝတ်ပြုဆုတောင်းပွဲကိုသာကျင်းပခဲ့ကြသည်ဟု ကယားပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောဆာကပြူရှီးက ပြောသည်။

၎င်းက “အာဇာနည်နေ့လုပ်တယ်ဆိုတာ အဓိကက အလံတိုင်တစ်ဝက်ချရမယ် ဦးညွှတ်ရမယ် အလေးပြုရမယ် ပန်းခွေချရမှာပေါ့ လွမ်းသူ့ပန်းခွေချရမယ် မချလို့ရှိရင် ဘာအဓိပ္ပါယ်ရှိမလဲ” ဟု ဆိုသည်။

ယနေ့ဩဂုတ်လ ၁၂ရက်နေ့သည် ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေး၊ ခန္ဓာ ပေးဆပ်ခဲ့သော ကရင့်အမျိုးသားအာဇာနည်များကို အထူးသတိရအောက်မေ့လျှက် ဂုဏ်ပြုနေကြသောနေ့ဖြစ်ပါသည်။

ဒေသန္တာရအမိန့်သည် ပြည်နယ်အစိုးရထံ ၁၅ ခွင့်ပြုမိန့်ကြိုတင် တောင်းခံရပြီး ခွင့်ပြုမိန့်ကျမှသာလျှင် ကျင်းပရသည့်အတွက် အခက်အခဲရှိနေကြရခြင်းဖြစ်သည်။

ထို့အပြင် ဘုရားကျောင်းများတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ တခြားအစည်းအဝေးများ၊ အခမ်းအနားများမပြုလုပ်ရန် ပြည်နယ်အစိုးရကထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့်ပင် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်ရှိ ယေရှုရှလင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်သာ ၆၉နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဘွယ် ဝတ်ပြုဆုတောင်းပွဲသာ ပြုလုပ်ခဲ့ပါသည်။

“အကြောင်းအရာတစ်ခုခုကို ကျမတို့မေ့ထားမယ်ဆိုရင် ပြန်လည်ပြီး အောက်မေ့ခြင်းမလုပ်ဘူးဆိုရင် ကြာလေကြာလေ ဒီအကြောင်းအရာကို ကျမတို့မေ့သွားတတ်တယ်” ဟု နော်မူးခရစ်ဖောက ဝတ်ပြုဆုတောင်းပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကရင်အာဇာနည်နေ့ကို နှစ်စဉ်ကယားပြည်နယ်ရှိကရင်မျိုးနွယ်စုများက ကရင်အလံလွှင့်ထူခြင်း၊ အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

တိုင်းဒေသနေရာအချို့တွင်လည်း ကရင်အာဇာနည်နေ့ကျင်းပခြင်း အခမ်းအနားနှင့်ပတ်သက်၍ ကရင်အာဇာနည်အသုံးအနှုန်းကို အသုံးမပြုရန် သတ်မှတ်ခြင်း၊ ကရင်အာဇာနည်နေ့အခမ်းအနားကို ခွင့်ပြုချက်မရဘဲ ကျင်းပခွင့်မပြုခြင်း စသည့်အကြောင်းအရာများဖြင့် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ထိုကဲ့သို့ ပိတ်ပင်တားဆီးမှု ဖိအားပေးခြင်းသည် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေပြီး ကရင်အမျိုးသားအပါအဝင် အခြားသော တိုင်းရင်းသားလူမျိုးများလိုလားသော အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အလှမ်းဝေးနေကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ ဩဂုတ်လ(၁၀)ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

“ဒီနေ့က လုပ်သင့်တယ်လို့ပဲ ကျမတော့မြင်တယ် လုပ်ကိုလုပ်ရမယ် ပိတ်ပင်တားမြစ်မှုဟာ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက်ကော နောက်ပြီးတော့ တိုင်းရင်းသားတွေလိုချင်တဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ နောက်ဆုံး အရေးကြီးဆုံးဖြစ်နေတဲ့ NCA ကို အများကြီးထိခိုက်နိုင်တယ်လို့ ကျမတို့မြင်တယ်ပေါ့နော။ ဒီအာဇာနည်နေ့ကတော့ ဘယ်လိုပဲပိတ်ပင်တားဆီးဆီး ကျမတို့ ကရင်နီပြည်မှာ အာဇာနည်နေ့မလုပ်ရဘူးဆိုရင်လည်း ကျမတို့ကတော့ ကရင်တွေရဲ့အားလုံးစုပေါင်းပြီးတော့မှ အောက်မေ့ဘွယ်ရာတော့ လုပ်နေကြတယ်ပေါ့နော။ ဒါကြောင့်မလို့ ကျမတို့ကတော့ တကယ်စိတ်မကောင်းပါဘူး ဒါကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးတယ်လို့ပဲ မြင်တယ်ပေါ့နော” ဟု မော်ချီးဒေသ ပပွာကလူကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီး ဥက္ကဌနော်မားကရက်စိန်က ၎င်း၏အမြင်ကို ပြောဆိုထားသည်။

ဤသို့ သတိရအောက်မေ့ ဂုဏ်ပြုမှုများနှင့်အတူ ကရင်အမျိုးသား အာဇာနည်များ၏ မျှော်လင့်ချက်များ၊ စွန့်လွှတ်ပေးဆပ်မှုများ အဓိပ္ပါယ်ပြည့်စုံရေးအတွက် ကရင်အမျိုးသားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မိမိတို့ ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်သို့ ရရှိအောင်မြင်ရန် အတူတကွ ရပ်တည်လုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ၆၉နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

ကရင်အာဇာနည်နေ့ကို ကယားပြည်နယ်တွင် ကျင်းပခဲ့ပြီး ၂၀၁၆ခုနှစ်တွင် လွိုင်ကော်မြို့ မော်ချီးစုစည်းရွာ၊ ၂၀၁ရခုနှစ်တွင် မော်ချီးဒေသ လိုခါးလိုနှစ်ခြင်းအသင်းတော်၊ ၂၀၁၈ခုနှစ်တွင် လွိုင်ကော်မြို့ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီရုံး တို့တွင် ပြုလုပ်ခဲ့ကြသည်။

spot_img
spot_img

Recent posts