spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီကို ၀င်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၁၀၀ ကျော်ရှိပြီး ၂စီးကို ဖျက်ဆီးနိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်ကနေ လွိုင်ကော်မြို့ကို ရိက္ခာ၊ လက်နက်အပြည့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်‌ကောင်စီရဲ့ ယာဥ်တန်းပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဥ်တချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မိုးဗြဲမြို့အထွက် လွိုင်ကော်မြို့အဝင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်က ကုန်းသာနဲ့ ဝါရီကောခူကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ နှစ်စီးဘဲမီးရှို့လို့ရတယ်။ လက်နက်ကြီးကျည်တအားလာလို့ ဆုတ်လိုက်တယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့တွေကလည်း မိုးဗြဲဘက်ကနေ ကားအစီးရေ ၁၀၀ ဝန်းကျင် နဲ့ ထိုးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ ကားကတော့စီးရေက တစ်ရာကျော်မယ်။ တရက်တရက်က အစီးရေ၄၀၊ ၅၀ကြားရှိတယ်လိုတော့ကြားပါတယ်။ စားနပ်ရိက္ခာပါမယ်။ စစ်သုံးခဲယမ်းပါမယ်။ စက်ဆီ ဒီဇယ်တွေကခပ်များများပါတယ်လို့သိရ ကြားရပါတယ်။ စကစ အင်အားကတော့ အရေအတွက်ကတော့ ဘယ်လောက်ရှိတယ်ကတော့ မသိရပါဘူး။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

လက်ရှိ ထိုးလာတဲ့ စစ်ကြောင်းဟာ စစ်ကောင်စီတပ်မ (၅၅) ဖြစ်ပြီး လက်ရှိမှာလည်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက် ယာဉ်တန်းတချို့ ပြည်မဘက်ကို ပြန်လှည့်ပြန်တာရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့တွင်းမှာလည်း အင်အားအများအပြားကို ဖြန့်ကျဲ ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိ တပ်စွဲထားတဲ့ နေရာက ဒေသခံတွေရဲ့ နေအိမ်တွေကို လိုက်လံစစ်ဆေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဖယ်ခုံမြို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ လမ်းမကြီးရဲ့ ဟိုးဘက်ခြမ်းပေါ့နော။ ပီကင်းတို့ထွက်တဲ့ လမ်းဘက်မှာနေတယ်။ ဒါပေမယ့် အခုက သူတို့က လူအင်အား အများကြီးရှိတဲ့အတွက် ညောင်ဝိုင်းမှာလည်း အရင်ကတည်းက သူတို့နေတာရှိတယ်။ အခုက သူတို့က မိုးဗြဲလမ်းမကြီး တစ်ဘက်ခြမ်းမှာနေတယ်။ လမ်းမကြီး ဟိုးအ‌ပေါ်ဘက်မှာကော အကုန်လုံးနေနေတယ်ပြောတယ်။ ဒီမိုးဗြဲမြို့ရဲ့ တစ်မြို့လုံးနီးပါးပေါ့နော။ သူများအိမ်တွေလိုက်ဝင်တယ်။ လိုက်ဝင် လိုက်စစ်တယ်ပေါ့နော။ အဓိက နည်းနည်း သံသယရှိတဲ့အိမ်တွေကို လိုက်ဝင်တယ်။ ဒါပေမယ့် တွေ့တဲ့ အရပ်သားတချို့တော့ရှိတယ်။ ဒါပေမယ့် လမ်းမကြီးရဲ့ ဟိုးဘက်ခြမ်းကတော့ ဘားမှ ထိခိုက်မှုမရှိဘူးပေါ့နော။” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရှိနေတဲ့ နေရာတွေမှာလည်း နေအိမ်ပြန်ကြည့်တဲ့ အရပ်သားတွေကို မေးမြန်းခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်သတ်တာမျိုးတွေ ရှိတယ်လို့ အဆိုပါဖယ်ခုံမြို့က ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲမြို့အနီး ဖယ်ခုံမြို့ဘက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်ကောင်စီနဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts