spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်‌‌တွေကို လုံခြုံမှုမရှိဘဲ နေရပ်မပြန်ပို့ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လုံခြုံမှုမရှိဘဲ နေရပ်မပြန်ပို့ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် ကြိုဆိုပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပိုမိုရရှိဖို့ လိုအပ်ကြောင်း၊ ကရင်နီစစ်ရှောင်တွေကို နေရပ်မပြန်ပို့ဘဲ ဆက်လက် ပံ့ပိုးကူညီဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက ထိုင်း- မြန်မာနယ်စပ်တလျှောက်က တိုက်ပွဲတွေကြောင့် ကရင်နီစစ်ရှောင် ၉၄၀၀ ကျော်ဟာ ထိုင်းနိုင်ငံံ၊မယ်ဟောင်ဆောင်ခရိုင်ထဲက ယာယီဒုက္ခသည်စခန်း ၅ ခုမှာ ခိုလှုံနေထိုင်နေကြတယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာမချုပ်ငြိမ်းနိုင်သ၍ကတော့ မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့်မလို့ စစ်ဘေးရှောင်တွေကလည်း ထိုင်းနိုင်ငံထဲမှာ ဆက်နေရမယ့် ပုံစံဖြစ်တယ်။ ပြန်လာမယ်ဆိုရင် အသက်အန္တာရာယ်ကြီးတဲ့ အခြေအနေအောက်မှာ တွန်းပို့ရာရောက်တယ်။ ဒါဆိုရင်တော့ Human Right ကိုလည်း ချိုးဖောက်ရာရောက်သလို Humanitarian Law ကိုလည်း ချိုးဖောက်ရာရောက်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ သူတို့က ပြောင်ပြောင်တင်းတင်းလုပ်မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မှတ်ချက်ပြုလိုတယ်။” လို့ ဦးဗညားက ဆိုပါတယ်။

စစ်ရှောင်အရေးတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ လိုအပ်နေတယ်လို့ သက်ဆိုင်ရာ ထိုင်းအေဂျင်စီတွေကို ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည်အတွင်းမှာ လတ်တလော တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံနေရပြီး ဒုက္ခသည်တွေ ပိုများလာတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုပေးဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လက်ခံဖို့လိုတယ်လို့လည်း ဦးဗညားက တောင်းဆိုပါတယ်။

“အဓိက ပိုတောင်းဆိုလိုတာက ဒီထိုင်းနိုင်ငံကနေတဆင့် Humanitarian Cash တွေ Humanitarian Assistance တွေကို ရနိုင်ဖို့အတွက် ညှိနှိုင်းမှုတွေကို လက်ခံပြီးတော့မှ အဖြေတစ်ခုကို ရှာဖွေပြီးတော့မှ Humanity ဆိုတဲ့လူသားဖြစ်မှုကိုအခြေခံပြီးတော့ Humanitarian အဖွဲ့နဲ့ချဉ်းကပ်မယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ပြီးတော့ ထိုင်းနိုင်ငံအစိုးရသော်လည်းကောင်း၊ ထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားအတွက် ဂုဏ်ယူစရာ ကမ္ဘာမှာ နိုင်ငံတကာမှာ မျက်နှာပွင့်မယ့် အစိုးရတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့မျှော်လင့်နေပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေသဆိုင်ရာအာဏာပိုင်၊ အရပ်ဖက်အဖွဲ့အစည်း၊ ထိုင်းကြက်ခြေနီအသင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကူအညီပေးဖို့အတွက်လည်း ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts