ကန္တာရဝတီတိုင်း ( မ် )
ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) က ကျောင်းပြင်ပရောက်လူငယ်တွေအတွက် အကျိုးပြုနိုင်မယ့် သင်တန်းတွေရရှိဖို့ ဖိတ်ခေါ်လိုကြောင်း Karenni Community Youth ( KnCY) ရဲ့ တာဝန်ရှိသူ ခူးဖရေရယ်က ပြောပါတယ်။
“ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့အတွက် ချိတ်ဆက်ပေးချင်တာ သူတို့အတွက် အကျိုးပြုမယ့် သင်တန်းတွေပေါ့နော။ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်ပေါ့နော် လူကြီး ၊ အကြီးအကဲတွေ လာပြီး လူငယ်တွေကို အားပေးအားမြှောက်ပြုစေချင်ပါတယ်။ သူတို့မလုပ်တတ်တာတွေလည်း အများကြီးရှိတယ်။ သင်တန်းတွေရှိရင် ကျနော့်ကို ချိတ်ဆက်နိုင်ပါတယ်။” လို့ ခူးဖရေရယ်က ပြောပါတယ်။
ကျောင်းပြင်ပရောက် ဆယ်ကျော်သက်လူငယ်တွေကို စုစည်းပြီး အနာဂတ်ရည်မှန်းချက်မပပျောက်အောင် ၊ စိတ်အလေလွှင့်မရှိအောင် အသက်မွေးဝမ်းကြောင်းနဲ့ အနုပညာရပ်ဆိုင်ရာ သင်တန်းတွေကို KnCY က အဓိက ပို့ချပေးနေတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ၃လကြာ ဖွင့်လှစ်ခဲ့တဲ့ သင်တန်းမှာတော့ ရှေးဦးသူနာပြုစုနည်းတွေ ၊ မီးသတ်သင်တန်း တွေလည်း အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။
“ သင်တန်းကတော့ အရင်ကဆို အများရှိတာပေါ့နော်။ ဒီတစ်လနှစ်လ လာပေးတဲ့သင်တန်းကို ပြောရရင် မီးသတ် သင်တန်းရှိတယ် ပြီးတော့ အရေးပေါ်လူနာပြုစုနည်း သင်တန်းတွေ ဥပမာ – တစ်ဦးဦးက ဒဏ်ရာရတာ ၊ သစ်ပင်ပေါ်က ပြုတ်ကျတာ ၊ ခြေထောက်ကျိုးသွားတာ သွေးထွက်လွန်တာ စသဖြင့်ပေါ့နော ဘယ်လိုလုပ်ရမလဲဆိုတာ သင်တန်းပေးတယ်။ ပြီးတော့ တတိယနိုင်ငံက ပြန်လာတဲ့သူတွေလည်း Video Editing နဲ့ပတ်သက်ပြီး ပေးသွားတာရှိတယ်။ ဒီက လူငယ်တွေက Video Edit တာ ဝါသနာပါတဲ့သူရှိတယ် Youtube လုပ်တဲ့သူတွေရှိတော့ အကျိုးရနိုင်တယ်ဆိုပြီး ခေါ်ပေးတာလည်းရှိတာပေါ့နော။” လို့ ခူးဖရေရယ်က ဆက်ပြောပါတယ်။
အသက်မွေးဝမ်းကြောင်းပညာရပ်ဖြစ်တဲ့ စိုက်ပျိုးရေး ၊ စီးပွားရေးအပြင် ဘာသာစကားအသစ်သင်ကြားတာ၊ ၊ ရုပ်သံရိုက်ကူး တည်းဖြတ်နည်း ၊ Leadership နဲ့ Computer Training ၊ ဂစ်တာသင်တန်း တွေလည်း သင်ကြားပေးတယ်လို့ သိရပါတယ်။
Karenni Community Youth ( KnCY) ကို ၂၀၁၈ခုနှစ်မှာ စတင်ဖွဲ့စည်းတာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက် လူငယ်တွေကို စုစည်းကာ အခုလို သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။