spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ကို ပို့ဆောင်မည့် လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ် )

ကရင်နီပြည်က KNPP နဲ့ PDF ဆီကို ပို့ဆောင်မည့် လက်နက်တချို့နဲ့ လူ ၇ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့) မှာ ကြေညာခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ငြင်းဆိုထားပါတယ်။

“ ရှမ်းပြည်က ဖမ်းမိတဲ့ဥစ္စာက KNPP ဥစ္စာပါလို့ ကျနော်တို့ အတိအကျတော့ ကျနော်တို့ ပြောလို့ မရဘူးလေနော။ အဲ့ဒါ သူတို့ ကြံဖန်ပြောတာ ဖြစ်မှာပေါ့။ အဲ့ဒါက ဒါတွေက ဘယ်လိုပြောရမလဲဆို ဖြေလို့ခက်တယ်။ ဝေဖန်ဖို့ခက်တယ်။ သုံးသပ်ဖို့ခက်တယ်နော။ “ လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

RPG ဒုံးပစ်လောင်ချာ အမျိုးအစား လက်နက်တွေ၊ တရုတ် စက်လတ်တွေ၊ မောင်းပြန်ရိုင်ဖယ် စတဲ့ လက်နက်စုစုပေါင်း ၁၃၀ လက် အပြင် တခြားလက်နက်တွေနဲ့ မော်တော်ယာဉ် နှစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ပုံနဲ့တကွ ဖော်ပြထားပါတယ်။

New Power စက်သုံးဆီဆိုင်ပိုင်ရှင် ခွန်သောင်းထွန်းအား ကနဦးဖမ်းဆီးရမိခဲ့ပြီးတော့ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မနက်မှာပဲ လက်နက်တွေ အဓိက ပို့ဆောင်ပေးနေတဲ့ ပေတူး(ခ)မာရီယာနိုကို ထပ်မံဖမ်းဆီးမိခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ အဲဒီလက်နက်တွေကို SSPP/SSA ယူနီဖောင်းဝတ်ထားသူ ၁၀ ဦးထံမှ လေးကြိမ်ခွဲကာ သွားရောက်ယူဆောင်ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာ (၈)ရက် အကြာရှိလာနေပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းယူနိုင်တာတွေ ရှိပါတယ်။

spot_img
spot_img

Recent posts