spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က ဆယ်ကျော်သက်အရွယ် စနှိုက်ဘာ ( Sniper ) ရဲမေ

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

အားလပ်ချိန်တွေမှာ ဂီတာ တလက်ကိုင်ရင်း စခန်းရှိ တဲအိမ်လေးထဲ တော်လှန်ရေးရဲဘော်၊ ရဲမေတွေနဲ့အတူ ကိုယ်တိုင် ဂီတာတီး၊ သီချင်းဆိုရင်း ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးရယူနေသူကတော့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ ရဲမေလေးပဲ ဖြစ်ပါတယ်။

သူမရဲ့ တော်လှန်ရေးနာမည်က ချစ်စရာကောင်းလှတဲ့ “ဆူးခက်” ပါ။

အရပ်ရှည်ပြီး ထွားလှတဲ့ ခန္ဓာကိုယ်ကြောင့် သူမဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ လူငယ်တစ်ဦးဆိုတာကို ယုံကြည်ဖို့ ခက်ခဲပါတယ်။ သို့ပေမယ့် သူမဟာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ တော်လှန်ရေး ရဲမေတစ်ဦးပဲ ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း ၉ တပ်ခွဲ ၃ မှာ ပါဝင်တော်လှန်နေတဲ့ အမျိုးသမီးငယ်လေးတစ်ဦးပါ။ သူမကတော့ လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ စနှိုက်ဘာသမား တစ်ဦးအဖြစ် တော်လှန်နေသူပါ။

“အခက်အခဲကတော့ ရန်သူကို ရီကွန် သွားယူတဲ့အချိန်။ ရီကွန်သွားယူတဲ့အချိန်မှာဆိုရင် ရန်သူဖက်က စနှိုက်ဘာက ကိုယ့်ကို အရင်ဆုံးမြင်နေမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ပေါ့။ သတိနဲ့အမြဲ သွားလာနေရတယ် ပြီးတော့ ရက်လ အကြာကြီး သွားထောက်ဖို့လည်း မပြောသေးနဲ့။ တစ်ရက်၊နှစ်ရက် သွားလည်း အရမ်းပင်ပန်းတယ်။ ပြီးရင် စကုတ်ထဲကနေ ရန်သူကို မကြည့်ခင်မှာ ဒီအတိုင်း ရိုးရိုး သာမန်မျက်စိနဲ့ အဝေးက အရာဝတ္ထုတစ်ခုကို ကြာကြာကြည့်ရင်တောင်မှ မျက်လုံးက ဝေဝါးလာတာတွေ ရှိတာပေါ့။ စကုတ်ထဲကနေ နာရီပေါင်းများစွာ ရန်သူကို ကြည့်တဲ့အချိန်မှာဆိုရင် အဲ့လို အမြင်အာရုံတွေ ထိခိုက်ချင်တာတွေ အဲ့လိုမျိုးတွေတော့ ရှိတယ်။ ဒါပေမယ့် တာဝန်တွေ၊ မစ်ရှင်တွေကြောင့် အနားမယူလိုက်ရတဲ့ အချိန်တွေလည်း အများကြီး ရှိတယ်။ ဒါတွေကတော့ စိန်ခေါ်မှုတစ်ခုပဲလို့တော့ ထင်တာပဲ။”

ဒါကတော့ စနှိုက်ဘာကိုင်တဲ့ အမျိုးသမီးငယ်လေး ဆူးခက်ဟာ သူမအတွက် စိန်ခေါ်မှုတွေကို ပြောပြတာပါ။

သူမအတွက် စိန်ခေါ်မှုတွေဟာ သာန်မာလူတွေအတွက်တော့ ခက်ခဲပါလိမ့်မယ်။ သို့ပေမယ့် စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ ဆယ်ကျော်သက်အရွယ် ဆူးခက်ကတော့ စိန်ခေါ်မှုတွေကို စိန်ခေါ်မှုလို့ မသတ်မှတ်တော့ပဲ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကိုသာ အာရုံစိုက်ပြီး အပြီးတိုင်ပါဝင်တော်လှန်သွားမဲ့ အားမာန်ကတော့ သူမဆီမှာ အပြည့်ပါပဲ။

စနှိုက်ဘာသမား ဖြစ်လာတဲ့အချိန်ကစလို့ ရန်သူကို ထောက်လှမ်းမှုမှာ အမြင်ကို အထူး အာရုံစိုက်ရတာကြောင့် အမြင်အာရုံကို ထိခိုက်လာပြီး မှုန်ဝါးလာတာမျိုးတွေ ကြုံရတယ်လို့ သူမက ပြောပါတယ်။

စနှိုက်ဘာသမားတွေဟာ စစ်မြေပြင်မှာ အရေးပါသူတွေ၊ တိုက်ပွဲဖော်ဆောင်ရာမှာ အင်မတန် ဂရုစိုက်ရသူတွေဖြစ်တာကြောင့် ရန်သူက ဦးစွာမြင်ပြီး တိုက်ခိုက်လာမှာကိုတော့ မစ်ရှင်သွားတိုင်း စိုးရိမ်နေရတယ်လို့ ဆူးခက်က ပြောပါတယ်။ တော်လှန်ရေးကိုသာ အာရုံစိုက်ပြီး သန်မာတဲ့သူ ဆိုပေမယ့် အမျိုးသမီးဖြစ်သည့်အလျှောက် ရှေ့တန်းစစ်မြေပြင်ကို သွားတဲ့အခါ စိုးရိမ်ပူပန်မှုကတော့ ရှိတယ်လို့ သူမက ဆက်ပြောပါတယ်။

“ ရှေ့တန်းသွားရမယ်ပြောတဲ့အချိန်မှာကျတော့ ကိုယ့်ရဲ့ရဲဘော်တွေက လုံခြုံရေးလည်း ကိုယ့်ကြောင့်ဖြစ်နေတယ်။ သူတို့က သွားလာလှုပ်ရှားတော့မယ်ဆိုရင် ကိုယ့်ဘက်က အမြဲတမ်း ရယ်ဒီအနေအထားနဲ့ နေပေးရတာပေါ့နော။ ပြီးရင် တော်လှန်လာတာကလည်း တစ်နှစ်ကျော်ပြီးဆိုတော့ ရဲဘော်တွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစားဆိုတာ နေသားကျနေတဲ့ အခြေအနေမှာတော့ ဖြစ်တယ်။ ဒါပေမယ့် ဒီမစ်ရှင်တစ်ခု မပြီးမချင်းမှာဆိုရင် ကိုယ့်ကြောင့် ရဲဘော်တွေ အခက်အခဲတွေ့မလား၊ ဒုက္ခနဲ့ ကြုံသွားရမလားဆိုတာကို အမြဲတမ်းစိုးရိမ်ပူပန်တဲ့စိတ်တော့ ရှိတယ်။ ကိုယ့်ကြောင့်ဘာမှဖြစ်မသွားအောင်တော့ အားယူပြီးနေနေရတယ်။” လို့ ဆူးခက်က ရှေ့တန်းစစ်မြေပြင်ကို သွားရင် သူမကြုံရတဲ့ စိန်ခေါ်မှုကို ပြောပြတာပါ။

ဆူးခက်ဟာ အမျိုးသမီးဖြစ်သည့်အားလျော်စွာ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် စစ်အာဏာရှင်ကို တော်လှန်ဖို့သာ အရာအားလုံးကို ပုံအောထားတာကြောင့် အမျိုးသားတော်လှန်ရေးရဲဘော်တွေနဲ့တန်းတူ တိုက်ပွဲတွေကို ဆင်နွှဲရတဲ့အခါ အမျိုးသမီးတစ်ဦးရဲ့ အခက်အခဲ၊ စိတ်အားငယ်မှု၊ လိုအပ်ချက်တွေကို သတိမရတော့တဲ့အထိ သန်မာပြီး တော်လှန်ရေးကို ခြေစုံပစ် ဝင်လာခဲ့တဲ့ အမျိုးသမီးငယ်လေးပါ။

စစ်တပ်က အာဏာမသိမ်းခင်အချိန်ထိ သူမဟာ မိန်းကလေးဆန်ဆန် အလှအပကြိုက်သူဖြစ်ပြီး မိဘရဲ့ အရိပ်အောက်မှာ ဘဝကို အသာတကြည်ဖြတ်သန်းပြီး ပညာသင်နေသူပါ။ ဆယ်တန်းတက်ရောက်နေစဉ်မှာ ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားရင်း စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပညာသင်ယူမှုကို ဒီကနေ့အထိ ရပ်နားထားလိုက်ရသူပါ။

လက်ရှိမှာတော့ ပညာသင်လို့ အကောင်းဆုံးဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမယ့် စစ်အာဏာရှင်ကို တော်လှန်ဖို့စိတ်အားပြင်းထန်တာ တခုတည်းနဲ့ သူမရဲ့ အရာအားလုံးကို ခက်ခက်ခဲခဲ ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကိုယ့်ကိုယ်ကို အများကြီးလည်း ပြောင်းလဲခဲ့ရတယ်။ ခက်ခက်ခဲခဲလည်း ပြောင်းလဲခဲ့ရတာပေါ့။ ယောကျာ်းလေးတွေပဲ သွားနေတဲ့ ဒီစစ်မြေပြင်ကို ငါလည်းပဲ တနေ့ လိုက်နိုင်ရမယ်ဆိုပြီးတော့ အရမ်းလည်း ခက်ခက်ခဲခဲ ပြောင်းလဲခဲ့ရတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုက အခုဆိုရင်တော့ နည်းနည်းတော့ နေသားကျလာပြီ။ ဒါပေမယ့် အားငယ်ရလားဆိုတော့ အားငယ်ရတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆို ကိုယ့်ဆရာတွေက ကိုယ့်ကို အဲ့လိုယောကျာ်းလေး ရဲဘော်တွေနဲ့ ခွဲခြားဆက်ဆံတာတွေလည်း မရှိဘူး။ တန်းတူပဲ အဲ့လို အခွင့်အရေးတွေ ပေးတော့ အားငယ်ရတာလည်း မရှိသေးဘူး။” လို့ ဆူးခက်ဟာ ငယ်ရွယ်ပေမယ့် သူမ ဘယ်လောက်ထိ စစ်အာဏာရှင်ကို

တော်လှန်လိုစိတ် ဘယ်လောက်ထိပြင်းပြသလဲဆိုတာကို ငယ်ရွယ်တဲ့သူမ အားမာန်အပြည့်နဲ့ ပြောတဲ့စကားတွေကို နားထောင်ခြင်းအားဖြင့် သိသာထင်ရှားပါတယ်။

ဆူးခက်လိုပဲ ပညာရှာဖွေရမယ့် ဆယ်ကျော်သက်အရွယ်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်ရေးနေရတဲ့ အာဂအမျိုးသမီးငယ်လေးတွေဟာ ကရင်နီပြည်မှာ မြောက်များစွာ ရှိနေပါတယ်။ ရှေ့တန်းစစ်မြေပြင် သွားသူသွား၊ ထောက်ပို့ကူသူကူနဲ့ ထိုအမျိုးသမီးငယ်လေးတွေဟာ တရားမျှတ လွတ်လပ်တဲ့နေ့ရက်တွေကို ဘယ်လောက်ထိ မျှော်လင့်တောင့်တနေကြသလဲဆိုတာ သူတို့လေးတွေရဲ့ မြေပြင်မှာ ပါဝင်လှုပ်ရှားမှုတွေကို မြင်သူတွေကသာ သိနိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေဟာ သူတို့အတွက်ပဲ တော်လှန်နေတာ မဟုတ်ပဲ သူတို့ရဲ့ အရာအားလုံးကို တိုင်းပြည်အတွက် ပေးဆပ်ထားကြတာပါ။

ဆူးခက်ကတော့ သူမ မိဘတွေကြုံခဲ့ရတဲ့ ၈ လေးလုံးအရေးအခင်းကို ကြားဖူးခဲ့ပေမယ့် သူမအနေနဲ့ကတော့ ဒီလိုအရေးအခင်းမျိုုးကို မကြုံရတာ ကံကောင်းတယ်လို့ တွေးနေစဉ်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တယ်လို့ ဆိုပါတယ်။ သူမနဲ့ ရွယ်တူ သူငယ်ချင်းတချို့လည်း ပညာရှာပြီး အလှပဆုံးရှင်သန်နေတာတွေ ရှိပေမယ့် သူမအနေနဲ့တော့ စစ်အာဏာရှင်ချုပ်ငြိမ်းသွားမှသာ ပညာရေးကို အကောင်းဆုံးပြန်လည် ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

သူမရဲ့ မိဘ၊ဘိုးဘွားတွေ ကြုံခဲ့ရတဲ့ စစ်အာဏာရှင်စနစ်၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရှင်သန်ရတဲ့ ဘဝတွေကို သူမအပါအဝင် နောက်မျိုးဆက်တွေ ဆက်လက်ခံစားမသွားဖို့က လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဖို့ တွန်းအားတစ်ခုလို့လည်း သူမက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို မလိုလားတဲ့ လူထုတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်စဉ်ကတည်းက မိခင်ဖြစ်သူနဲ့ စိတ်တူကိုယ်တူ သပိတ်ထုတ်ဖော်မှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပြီး တော်လှန်ရမယ့်အခြေအနေကို ရောက်ရှိလာချိန်မှာလည်း မိခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ စစ်မြေပြင်ကိုပဲ အမြဲခြေချရတဲ့ သမီးကိုတော့ ပြန်လာအနားယူဖို့ မိခင်ဖြစ်သူက ခေါ်တာမျိုးတွေ ရှိတယ်လို့ ဆူးခက်က ပြောပါတယ်။

“အမေ့ကို အရမ်းလွမ်းတယ်။ အရမ်းလည်း ချစ်တယ်။ အဲ့ဒါကို အရမ်းပြောချင်တယ်။ ဖုန်းပြောလိုက်တိုင်းတော့ ဖုန်းချခါနီးဆို အာဘွား ဆိုပြီး အမြဲပေးတယ်။ ဒါပေမယ့် ချစ်တယ်နော်ဆိုတာကြီးကိုတော့ တခါမှ မပြောဖြစ်ခဲ့ဘူးပေါ့။”

မိဘရင်ခွင်ထဲမှာ နေပြီး ချွဲရဦးမယ့်အရွယ်သာရှိသေးတဲ့ ဆူးခက်ကတော့ မိသားစုတွေနဲ့ ခွဲခွာပြီး လက်နက်ကိုင်တော်လှန်ရေးကို ခြေစုံပစ် ဝင်သွားတဲ့အချိန်မှာ မိခင်ဖြစ်သူကို ဘယ်လောက်ထိ ချစ်ပြီး သတိရ သလဲဆိုတာ သူမပြောသွားတဲ့ အထက်ပါ စကားတွေကို နားထောင်ရင်း မိခင်ကို တွေ့ချင်စိတ်ပြင်းပြနေတဲ့ သူမမျက်ဝန်းလေးက သက်သေပါပဲ။

ဆူးခက်တို့ မိသားစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ပထမဦးဆုံး သေနတ်ပေါက်တဲ့ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ကြတာပါ။ ၂၀၂၁ မေလမှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရပြီး ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးတဲ့ ကရင်နီစစ်ဘေးရှောင်လူထုတွေထဲ ဆူးခက်တို့ မိသားစုလည်း ပါဝင်ပါတယ်။ လက်ရှိမှာတော့ မိသားစုတွေဟာ ဆွေမျိုးတွေရှိရာနေရာတွေမှာ သွားရောက်ခိုလှုံနေကြရတာပါ။

တော်လှန်ရေးကာလရှည်ကြာလာတာနဲ့အမျှ တိုက်ခိုက်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းဖြစ်စေ၊ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေဖြစ်စေ အထူးသဖြင့် တော်လှန်ရေးရဲဘော်များအတွက် အလှူရှင်တွေရဲ့ ပံ့ပိုးမှု နည်းပါးလာတာကြောင့် သူမလို တော်လှန်ရေးရဲဘော်များ၊ ပြည်သူလူထု၊ အလှူရှင်တွေအနေနဲ့ စိတ်ဓာတ်ကျသွားခြင်းမဟုတ်ပဲ မိမိနိုင်တဲ့ ကဏ္ဍကနေ ဆက်လက်ပါဝင်တော်လှန်သွားကြဖို့လည်း အမျိုးသမီးငယ်လေး ဆူးခက်က တောင်းဆိုသွားပါတယ်။

ဆူးခက်လိုပဲ ငယ်ရွယ်ပြီး ပညာသင်ရမဲ့အရွယ်မှာ စစ်အာဏာရှင်ကို ကဏ္ဍပေါင်းစုံကနေ တော်လှန်နေကြတဲ့ လူငယ်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့နေ့တွေကို မျှော်လင့်ရင်း အာဏာရှင်ပြုတ်ကျရေးကိုတော့ ဘယ်တော့မှ လက်မလျော့ပဲ ပေးဆပ်ရင်းတော်လှန်ရင်း မည်သူမျှ အသိအမှတ်မပြုခံရရင်တောင် အဆုံးထိ တော်လှန်ပေးဆပ်နေကြဦးမှာပါပဲ။

spot_img
spot_img

Recent posts