spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်းက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ တော်လှန်ရေးနယ်မြေအတွင်း ကိုယ်ထူကိုယ်ထ အခြေခံပညာ ကျောင်းပေါင်း (၄၀၀)ကျော်ကို ဖွင့်လှစ်ထားပြီး ကျောင်း ဆရာ၊ ဆရာမ လိုအပ်ချက် ရှိနေသေးတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာနမှ ဌာနမှူးကြီး မော်မိမာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ဝေးလံခေါင်ဖျားတဲ့ ဒေသ ၊ စစ်ရှောင်ဒေသတချို့မှာဆိုလို့ရှိရင် ဆရာ၊ ဆရာမ ဦးရေ မလုံလောက်သေးဘူး။ ဆရာ၊ ဆရာမဦးရေတွေလည်း ကျမတို့ အမြန်ဆုံး ရှာဖွေပြီးတော့မှ ခန့်အပ်သွားဖို့ ရှိတယ်ပေါ့။ အခုက အများစုက Volunteer လူထုခန့် ဆရာ၊ ဆရာမတွေ ပိုများတယ်။ CDMဆရာ၊ ဆရာမတွေလည်း တချို့ရှိတယ်။ ဒါပေမယ့် အများစုက Volunteer ဆရာ၊ ဆရာမတွေ ဖြစ်တော့ Volunteerဆရာ၊ ဆရာမတွေက သူတို့ ထိထိရောက်ရောက် သင်ကြားနိုင်ဖို့အတွက်က သူတို့အတွက် သင်တန်းတွေ အမြန်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ သင်ကြားရေးဆိုင်ရာ သင်တန်းတွေ လည်း အများကြီး ဆောင်ရွက်ပေးဖို့ လိုအပ်နေပါသေးတယ်ပေါ့။ “ လို့ မော်မိမာ က ပြောပါတယ်။

လက်ရှိကာလမှာဆိုရင် ကျောင်းဖွင့်ရာသီ ရောက်ပြီဖြစ်တဲ့အတွက် ကျောင်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်အပြင် ကျောင်းဆောင်အတွက် အမိုးအကာတွေ၊ ကျောင်းသုံးဖတ်စာအုပ် နဲ့ ကျောင်းသုံး သင်ထောက်ကူ ပစ္စည်း ကိရိယာတွေ လိုအပ်ချက်များနေတယ်လို့ မြေပြင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဆီကနေ ကြားသိရတာ ရှိပါတယ်။

ကရင်နီပြည်မှာ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်း ၄၀၀ကျော်ဟာ IEC အနေနဲ့ တိုက်ရိုက် ဖွင့်လှစ်တာ မဟုတ်ပေမယ့် ကိုယ်ထူကိုယ်ကျောင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် လက်ရှိ ကျောင်းတွေမှာ လိုအပ်နေတဲ့ အမိုးအကာနဲ့ သင်ထောက်ကူတွေကိုတော့ အနည်းအကျဉ်းပဲ ထောက်ပံ့ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“ မိုးကာတော့ ကျောင်းတိုင်းလို ကျနော်တို့ လောလောဆယ်တော့ အပြည့်အစုံမပေးနိုင်သေးဘူး။ ကျနော်တို့ အရှေ့ဖက်ခြမ်းမှာ ကျောင်းဆောင်သစ်တွေ ဆောက်ဖို့ကျတော့ အများကြီးပေါ့။ အဲ့ဒီထဲမှာမှ တချို့ရွာတွေဆိုရင် ကျောင်းဆောက်ဖို့အတွက် ပစ္စည်းကိရိယာဖြစ်ဖြစ် ဒီ ဘတ်ဂျက်ဖြစ်ဖြစ်မရှိတဲ့အတွက်ကြောင့် တချို့နေရာမှာ၊ အိမ်ဖြစ်ဖြစ်၊ အဆောက်အဦးတစ်ခုဖြစ်ဖြစ် လုံခြုံစိတ်ချရတယ်လို့ ထင်ရတဲ့နေရာမှာ ကျနော်တို့ ကျောင်းအနေနဲ့ ဖွင့်ထားတာရှိတယ်။ “ လို့ လက်ရှိ မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ကို ဒီးမော့ဆို မြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြ ထားတာ ဖြစ်ပါတယ်။

ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်နဲ့ ပတ်သက်ပြီးတော့ မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ပညာရေးကော်မတီ၊ ကျောင်းကော်မတီတွေနဲ့ ပူးပေါင်းပြီးတော့ ဆရာ၊ ဆရာမ ရှာဖွေကူတာ သင်တန်းပို့ချပေးတာ တွေကို IEC က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လာမယ့် စာသင်နှစ်မှာဆိုရင်လည်း Grade-12 ( ၁၂တန်း) ကို ဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့ ကျောင်းဆရာ၊ ဆရာမ(၂၀၀)ကျော်ကို သင်တန်းပို့ချပေးနေတယ်လို့ မော်မိမာ က ဆက်ပြောပြပါတယ်။

“ ဒီတစ်နှစ်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံထဲမှာ Grade -12 ၁၂တန်းကို စတိုးရမယ့် အနေအထားတွေရှိတော့ အခုမှ သင်ရိုးညွှန်းတမ်းကလည်း ဖတ်စာအုပ်တွေကလည်း NUG ပညာရေးဌာနကနေ ရေးဆွဲပြဌာန်းပေးတာဖြစ်တဲ့အတွက် ဒီ Gread 12နဲ့ ပတ်သက်ပြီးတော့ သင်တန်း ရဖူးတဲ့ ဆရာ၊ ဆရာမတွေ တစ်ယောက်မှ မရှိသေးဘူးပေါ့။ ဒီ မြန်မာနိုင်ငံမှာ။ ဆိုတော့ ကျမတို့ ပြည်နယ်ထဲမှာလည်း စာအုပ်တွေ သင်နိုင်ဖို့အတွက် Grade -12 ဆရာ၊ ဆရာမ အယောက် ၂၀၀ကျော်ကို ကျမတို့ လက်ရှိ သင်တန်းပေးနေတာရှိတယ်။ “ လို့ မော်မိမာက ဆက်ပြောပါတယ်။

IEC နဲ့ ဒေသတွင်း ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆယ်သဲဖောင်ဒေးရှင်း တို့ ပူးပေါင်းပြီး လက်ရှိမြေပြင် စာသင်ကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ သုံးထောင်ကျော်ကို မုန့်ဖိုး ထောက်ပံ့ပေးနေတယ်လို့လည်း သိရပါတယ်။ သို့ပေမယ့် ကျောင်းဆရာ၊ ဆရာမ ဦးရေ တိုးလာမယ့်အပေါ်မှာ အားလုံးကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts