spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ၂၀၂၂ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၄၁၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဇန်နဝါရီလ ၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ်ကထက် ၄ ဆနီးပါး တိုက်ပွဲအရေအတွက်တွေ ပိုဖြစ်ပွားခဲ့ပေမယ့် ၂၀၂၁ခုနှစ်ကလောက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခြင်းမရှိဘူးလို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူးဒယ်နီယာယ်က ပြောပါတယ်။

“ အစပိုင်း ၂၀၂၁ ထဲမှာ တော်တော်လေးကြီးကျယ်တယ်လို့ ပြောလို့ရပါတယ်။ ဒီ ၂၀၂၂ထက်စာရင် ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေက ပွဲကြီးတွေက ၂၀၂၁ထဲမှာ ပိုများတယ်။ ဒီ ၂၀၂၂ထဲမှာက တိုက်ပွဲပိုများတယ်။ သို့သော် မတူတော့ဘူး။ တိုက်ပွဲသေးတွေ ပြန်ဖြစ်သွားတယ်။ အဲဒီလိုမျိုးတော့ ဖြစ်တယ်ပေါ့နော။ ၂၀၂၁မှာက ရွာတွေမီးရှို့ ရွာထဲမှာ လူထုတွေထွက်ပြေးစသည်ဖြင့်ပေါ့။ အဲဒါတွေက တိုက်ပွဲကြီးကြီးဖြစ်ပြီးမှ ၂၀၂၂မှာက တိုက်ပွဲတွေက ပိုများတယ်။ သို့သော် လူထုကို ထိခိုက်နစ်နာတဲ့ဟာ မီးလောင်တာဘာညာတွေတော့ နည်းနည်းလျော့လာတယ်။ ” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု ပိုများလာတာနဲ့အတူ ကရင်နီဒေသခံတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများပြားနေခဲ့ပါတယ်။ ကရင်နီဒေသခံတော်လှန်ရေးတပ်ပေါင်းစုဘက်က ၂၀၂၁ခုနှစ်အတွင်းမှာ ၄၁ဦးနဲ့ ၂၀၂၂ခုနှစ်အတွင်း ၁၇၀ ဦးကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ၂၀၂၁ခုနှစ်အတွင်းမှာ ၄၄၈ဦးသေဆုံးပြီး ၂၀၂၂ခုနှစ်မှာ ၁၂၄၄ဦး သေဆုံးခဲ့တယ်လို့ PKPF ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ ကရင်နီမှာဆိုရင်လည်း စစ်ကောင်စီတပ်ကနေပြီး တပ်အပြောင်းအလဲ လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ မြေပြင်အချက်အလက်အရ သိရရှိရသလို ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်မယ့် အခြေအနေရှိတယ်လို့ ခူးဒယ်နီယာယ်က ဆိုပါတယ်။

” တိုက်ပွဲကတော့ လောလောဆယ် လူတိုင်းကတော့ ပြင်ဆင်နေကြတယ်။ ဒီနှစ်သစ်ကူး မိန့်ခွန်းတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ငါတို့ အမြစ်ပြုတ်တိုက်မယ်လို့ ပြောတဲ့လူတွေက ပိုများပါတယ်။ အပစ်ခတ်ရပ်စဲရေး လုပ်မယ်ဆိုတဲ့ အဖွဲ့အစည်းကတော့ မရှိသလောက် ပဲတွေ့နေရတယ်ဆိုတော့ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲ စစ်ကတော့ ဖြစ်နေဦးမှာပဲ ဆိုတာ ဒီလိုပဲ မြင်ပါတယ်။” လို့ ခူးဒယ်နီယာယ်ကပြောပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတွေကို အသုံးပြုတိုက်ခိုက်တာရှိနေပြီး ၂၀၂၁ခုနှစ်အတွင်းမှာ ၂ကြိမ်နဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ ၁၈၂ကြိမ် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံနေအိမ်အဆောက်အုံးပျက်စီးမှုတွေလည်းရှိနေပြီး ၂၀၂၁ခုနှစ်အတွင်းမှာဆိုရင် ၄၈၂လုံး၊ ၂၀၂၂ခုနှစ်အတွင်းမှာ ၈၂၈လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရိက္ခာပို့တဲ့ ယာဉ်တွေလည်း ပျက်စီးမှုရှိခဲ့ပြီး ၂၀၂၁ခုနှစ်မှာ ၁၉စီး၊ ၂၀၂၂ခုနှစ်မှာ ၃၉စီး ပျက်စီးခဲ့တယ်လို့ PKPF ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

PKPF ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်း မြေပြင်တွေမှာ ကိုယ်တိုင်ကွင်းဆင်းတာတွေရှိသလို တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်သူတွေနဲ့ ချိတ်ဆက်ပြီး အချက်အလက်ကောက်ယူစုဆောင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF )၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( DMO-PDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( LoiKaw PDF )၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Mobye PDF )၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Pekhon PDF )၊ ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Phruso PDF )၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Balake PDF )၊ ကရင်နီပြည်ကာကွယ်ရေးတပ်ပေါင်းစု ( KRU ) တို့အပြင် တခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

spot_img
spot_img