spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သားပြည်သူ ၂၀ ဦး ဖမ်းဆီးခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂၀ ဦး ရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG )က ပြောပါတယ်။

တခြားဒေသကနေ လွိုင်ကော်မြို့ထဲ ပြန်ဝင်ကြသူတွေရဲ့ ဖုန်းထဲက အချက်အလက်တွေ စစ်ဆေးရာကနေ ဖမ်းဆီးခံကြရကြောင်း သိရတယ်လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဖမ်းခံရတာကတော့ အများစုက လွိုင်ကော်မှာပေါ့နော်။ အများစုမဟုတ်ဘူး အားလုံးက လွိုင်ကော်မှာပဲ။ လွိုင်ကော်မှာက သိတဲ့အတိုင်းပဲ မြို့ထဲပြန်ဝင်လာတဲ့သူတွေရှိတယ်။ ပြန်ဝင်လာသူအများစုက ဖမ်းခံရတယ်။ ကျနော်တို့ သိသလောက်ကတော့ ကျနော်တို့ခေါ်တာ အားကစား သိပ္ပံပေါ့နော် အားကစားကွင်းနားမှာ ဖမ်းတာပေါ့နော်။ အမြဲ စစ်တော့ ဖုန်းထဲမှာ အချက်အလက်တွေ ရှာရင်းနဲ့ မိတာတွေများတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ နောက်တချို့က CDM လုပ်တဲ့ သူတွေကို ဖမ်းတာပေါ့နော်။ အဲ့တာတွေအဓိကဖြစ်ပါတယ်‌ပေါ့။”လို့ ဦးဗညားက ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၂၀ ဦးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ KnHGR က ပြောဆိုထားခြင်းမရှိပါဘူး။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ CDM ပြုလုပ်ထားသူလည်း ပါဝင်တယ်လို့ သိရပါတယ်။ အမျိုးသားတွေအများစု ဖမ်းဆီးခံရတာဖြစ်ပြီး အမျိုးသမီး ၅ဦးဝန်းကျင်လည်း ပါတယ်လို့ ဦးဗညားက ဖြည့်စွက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ငွေလွဲအကောင့်တွေကိုလည်း အဓိက စစ်ဆေးမှု ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီဆက်စပ်မှုကြောင့် ဖမ်းဆီးခံရတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် အဆိုပါ မတ်လတစ်လအတွင်းမှာပဲ စစ်ပဋိပက္ခတွေကြောင့် အရပ်သား ၅ဦး သေဆုံးခဲ့ရပြီး ၃၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဧပြီလ ၈ ရက်နေ့မှာ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။

သေဆုံးသူ ၅ဦးဟာ လက်နက်ကြီးကြောင့် ကလေး ၁ ဦး၊ လေကြောင်း တိုက်ခိုက် မူ ကြောင့် အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၁ ဦး ၊မြေမြုပ်မိုင်း ကြောင့် အမျိုးသား ၁ ဦး နဲ့ ဒရုန်းတိုက်ခိုက်မူကြောင့် အမျိုးသား ၁ ဦး ထိခိုက်သေဆုံး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလည်း စစ်ကောင်စီဟာ လူထုတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာ၊ အတင်းအကြပ် စစ်ဆေးတာတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts