spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ရိုက်ကူးထားတဲ့ “INDIVISIBLE “ အမည်ရ ဓာတ်ပုံပြပွဲကို ချင်းမိုင်မြို့မှာ ပြသ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးအဖွဲ့တွေ ရင်ဆိုင်ကြုံတွေနေရတဲ့ အခြေအနေ၊ စိန်ခေါ်မှုတွေ အကြောင်းကို ရိုက်ကူးထားတဲ့ “INDIVISIBLE “ အမည်ရ ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ ဆရာမ ခင်စန္ဒာညွှန့်ကနေ ကရင်နီပြည်က အခြေအနေတွေကို ရိုက်ကူးထားတာဖြစ်ပြီး New Burma အဖွဲ့က ပွဲစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Photo – Indivisible Photo exhibition

“ INDIVISIBLE ဆိုတဲ့ ဓာတ်ပုံဇာတ်လမ်းမှာကတော့ ဒီတော်လှန်ရေးကာလအတွင်း မြေပြင်မှာလုပ်နေကြတဲ့ ဆေးအဖွဲ့ပေါ့နော ဆေးအဖွဲ့ရဲ့ကြိုးစားအားထုတ်မှု သူတို့စိတ်ခွန်အားပေါ့နော ဒါတွေကို မှတ်တမ်းတင်ဖြစ်တယ်။ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ဖြစ်တည်မှု၊ တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်မှု ဒါတွေကို မှတ်တမ်းတင်ဖြစ်တာ ဖြစ်တယ်။ သူတို့လို လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ အလားတူ ပါဝင်ပြီး အားသွန်ခွန်စိုက် လုပ်ကိုင်နေကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ကရင်နီမှာ အများကြီးရှိပါတယ်။ ဒီဇာတ်ကြောင်းကနေတဆင့် တခြားသူတွေကိုလည်း အခြေအနေတွေကိုလည်း ကိုယ်စားပြု ပြောပြနိုင်မယ်လို့လည်း ယူဆတယ်ပေါ့နော။” လို့ ဓာတ်ပုံဆရာမ ခင်စန္ဒာညွှန့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်က မှတ်တမ်းဓာတ်ပုံတွေကို ရိုက်ကူးထားတာဖြစ်ပြီး ဓာတ်ပုံတွေကနေတဆင့် တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ကြနေကြတဲ့ အစုအဖွဲ့အသီးသီးတွေရဲ့ အကြောင်းကို မှတ်တမ်းယူထားတယ်လို့ သိရပါတယ်။

ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကနေ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဓာတ်ပုံ ပြပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

Photo – Indivisible Photo exhibition

မြေပြင်မှာ ကျန်းမာရေးအဖွဲ့တွေကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက တိုက်ခိုက်နေတာကြောင့် လူသားမဆန်တဲ့ လုပ်ရပ်အတွက် မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ တိုက်ခိုက်မှုတွေကြားကနေ လူသားဆန်မှုပေးနေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်အကြောင်းကိုလည်း ဓာတ်ပုံပြပွဲကနေတဆင့် အများကို ဖြန့်ဝေဖို့ ကြိုးစားနေတယ်လို့ ဓာတ်ပုံဆရာမ ခင်စန္ဒာညွှန့်က ဆက်ပြောပါတယ်။

“မြေပြင်မှာက ဆေးရုံ၊ ဆေးခန်းဆိုတာ ကျမတို့ပြည်သူအားလုံးအတွက် အရေးကြီးတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ရည်ရွယ်ချက်ထားပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်။ ဒါတွေက လူသားမဆန်တဲ့ လုပ်ရပ်တွေဖြစ်တယ် သေချာကို မှတ်တမ်းတင်ထားရမှာဖြစ်တယ် ပြန်ပြီးတော့ တရားစွဲကို စွဲရမယ့်ကိစ္စတွေ ဖြစ်တယ်။ မှတ်တမ်းသမားတွေအနေနဲ့လည်း ဒီလူသားမဆန်တဲ့အရာတွေကို မှတ်တမ်းတင်သလို ဒီတော်လှန်ရေးကာလထဲမှာမှ လူသားဆန်တဲ့ ဇတ်ကြောင်းတွေ လူပုဂ္ဂိုလ်အကြောင်းတွေ အများကြီးရှိပါတယ်။ ဒါတွေကိုလည်း ကျမတို့မှတ်တမ်းတင်ရမယ်လို့ ယူဆပါတယ်။ ဒါကြောင့် မှတ်တမ်းတင်သူတစ်ယောက်အနေနဲ့ကတော့ ခုနက လူသားမဆန်တဲ့အရာတွေကို မှတ်တမ်းတင်ဖို့ကြိုးစားသလို လူသားဆန်တဲ့ဇတ်ကြောင်းတွေကိုလည်း လူအများကို ဖြန့်ဝေနိုင်ဖို့ ကြိုးစားပါတယ်။ ဒီအတွက် ပြပွဲကို လုပ်ရတာဖြစ်ပါတယ်။ “လို့ သူမက ဆက်ပြောပါတယ်။

အဲ့ဒီဓာတ်ပုံပြပွဲကိုတော့ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄နာရီမှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြသမယ့် ဓာတ်ပုံပြပွဲကို မနက် ၉နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၆နာရီခွဲအထိ ပြသသွားမယ်လို့ သိရပါတယ်။

spot_img
spot_img