spot_imgspot_imgspot_imgspot_img
Thursday, November 14, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသူ အရပ်သား ၄ ဦးထိရှိလာ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူရှိရာနေရာတွေကို လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄ဦး အထိ ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) မှ ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

အရပ်သားပြည်သူတွေရှိရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပစ်ခတ်ခဲ့တာတွေဖြစ်ပြီး ကရင်နီပြည်မှာ ဒီလိုပစ်ခတ်ခံရမှု စုစုပေါင်း ၅ ကြိမ်ရှိနေပြီလို့ ဆိုပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ မနက် ၁နာရီအချိန်မှာ တိုက်လေယာဉ်တစ်စင်းမှ ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ရီခီးဘူး စစ်ရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်နှစ်ဦးနဲ့ အသက် ၅၂နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ စစ်ရှောင်တွေနဲ့ အနီးအနားကျေးရွာက ဒေသခံထောင်ချီဟာလည်း နီးစပ်ရာ တောတောင်ထဲက ဂူတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ရက်နေ့ မနက် ၁၀နာရီမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စု ဒေါပါပါးကျေးရွာကို လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဆေးခန်းမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦး သေဆုံးခဲ့ရသလို ဆေးခန်းလည်း ပျက်စီးသွားခဲ့ရပါတယ်။

လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒေါပါပါးကျေးရွာဆေးပေးခန်း ပျက်စီး။

အရပ်သားနေအိမ်တစ်လုံးလည်း လုံးဝပျက်စီးသွားခဲ့ရပြီး ကျေးရွာဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာလည်း အလန့်တကြားတောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အခုလို လေကြောင်းအသုံးပြုပြီး အရပ်သားတွေရှိရာကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူသားတစ်ယောက်ရဲ့ အခြေခံ အသက်ရှင်ပိုင်ခွင့်ကို ချိုးဖောက်ခံရသလို စစ်ကောင်စီကနေ စစ်ရာဇဝတ်မှု ( war crime ) ကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“လူတွေရဲ့အခြေခံ ကျန်းမာရေး၊ ပညာအခွင့်အရေး အခြေခံပိုင်းဆိုင်ရာအခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်တာပေါ့။ အခြေခံပိုင်းဆိုင်ရာ အခွင့်အရေးလို့ ပြောတဲ့နေရာမှာ နေရာကလူထုတွေကအရမ်းအားကိုးရတယ်။ အဲ့လိုမျိုးလူထုတွေကို သူတို့ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ ကျနော်တို့ဆေးရုံဆေးပေးခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဟာ လူထုတွေရဲ့အခြေခံ အခွင့်အရေးတွေကို ကျနော်တို့ချိုးဖောက်ရာရောက်တယ်ပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ (၂၅၅)ဦးရှိနေပြီး ကရင်နီပြည်မှာ စစ်ကောင်စီကနေ တိုက်ပွဲမဖြစ်ပွားတဲ့ အရပ်သားတွေနေထိုင်တဲ့ ဒေသတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှု မကြာခဏလုပ်ဆောင်နေပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဩဂုတ်လ ၁ရက်နေ့ ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှု (၁၅၇)ကြိမ်ခန့်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img