spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ရဲ့ “ရဲ” ဥပဒေ မူကြမ်းကို ရေးဆွဲထားပြီး ကျင့်သုံးနိုင်တော့မယ်လို့ KSP ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရဲဌာန(KSP) ဖွဲ့စည်းတည်ထောင်ပြီး ၂နှစ်အတောအတွင်းမှာ ကရင်နီပြည်ရဲ့ “ရဲ” ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး မကြာခင် ကျင့်သုံးနိုင်တော့မယ်လို့ ကရင်နီပြည် ရဲဌာန (KSP) ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနမှူး ကိုဘိုဘိုက ပြောပါတယ်။

“ဒီနှစ်ထဲမှာ ကရင်နီပြည် ရဲဥပဒေ မူကြမ်းကို ရေးဆွဲနိုင်ခဲ့တယ်ပေါ့နော။ IEC က ဥပဒေပြုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့မှ ကရင်နီပြည် ရဲလမ်းညွှန်ကိုလည်း ရေးဆွဲနိုင်ခဲ့တယ်။ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရက်တစ် ပူလစ်ဇင် နဲ့ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာအတွေ့အကြုံရှိပြီးသား ရဲဌာနက ရဲတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တယ် ။ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်။”လို့ ကိုဘိုဘိုက ပြောပါတယ်။

ဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးထားပြီး ကြားကာလ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဥပဒေပြုရေးအဖွဲ့ကနေ အတည်ပြုဖို့ လိုသေးတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၅ရက်နေ့ဟာ KSP ဖွဲ့စည်းတာ ၂ နှစ်ပြည့်နေ့ဖြစ်ပြီး ၂ နှစ်တာ လုပ်ဆောင်မှုတွေထဲ ကရင်နီပြည် “ရဲ” ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့တာဟာ အားအရဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

KSP အနေနဲ့ ကရင်နီပြည်သူလူထုကို ဗဟိုပြုတဲ့ ရဲလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို အဓိက လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီ သတင်းပေးမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ရမ်းကားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု နဲ့ အခြားအမှုတွေကို ဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

၂နှစ်ကာလအတွင်း အမှုစုစုပေါင်း (၃၆၂)မှု ကို အရေးယူဆောင်ရွက်ထားရှိပြီး မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံံ – KSP

KSP စတင်ဖွဲ့စည်းချိန်မှစပြီး လက်ရှိအချိန်ထိ ရဲစခန်း ၈ ခု၊ လုံခြုံရေးရဲကင်း ၄ ခု ရှိထားပြီးဖြစ်ပါတယ်။ ပြည်သူတွေကနေ တိုင်တန်းတဲ့အမှုတွေကို အမှုဖွင့်အရေးယူဆောင်ရွက်ပြီး သက်သေအထောက်အထားတွေနဲ့ စနစ်တကျ အမှုတွဲတည်ဆောက်ကာ တရားရေးဌာနနဲ့ တရားသူကြီးဆီကို တရားစွဲဆိုဖို့ တင်ပို့တာ ရှိတယ်လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။

“ တရားသူကြီးကနေ အမှုတွေကို ဆက်လက်စစ်ဆေးဆောင်ရွက်ပြီးတော့မှ အပြစ်ရှိလို့ သက်သေအထောက်အထား ခိုင်လုံလို့ စီရင်ချက်အမိန့်တွေ ချတယ် ထောင်ချမိန့်တွေ ချပြီဆိုလို့ရှိရင် အကျဉ်းထောင်ကို ပို့တာမျိုးတွေလည်း လုပ်ဆောင်ပေးနိုင်သွားပြီဖြစ်တယ်။”လို့ကိုဘိုဘိုက ဆက်ပြောပါတယ်။

KSP ဖွဲ့စည်းတာ ၂ နှစ်ပြည့်မှာ ဖက်ဒရယ် ရဲဌာနတစ်ခုအနေနဲ့ ရပ်တည်နေတဲ့ KSP ကို ဆက်လက်ဝန်းရံအားပေးကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးက ၎င်းလူမှုစာမျက်နှာမှတဆင့် တိုက်တွန်းပြောဆိုပါတယ်။

“KSP ဆက်လက်ပြီး ပြည်သူ့ရဲ ပီသအောင် ကြိုးစားမှု၊ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်နေမှုကို အားပေးသွားမယ်။ မြန်မာနိုင်ငံတဝန်းလုံးမှ စစ်တပ်အောက်မှာ ကင်းလွတ်အောင် ရပ်တည်နိုင်သလို ဖက်ဒရယ် ရဲဌာနတခုအနေနဲ့ ရပ်တည်ပြတဲ့ KSP ကိုလည်း အားလုံး ဆက်လက်ဝန်းရံ အားပေးသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။”လို့ ဥက္ကဌ ခွန်းဘီထူးက တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကရင်နီပြည်နယ်တွင်းရှိ ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲဝန်ဆောင်မှုများ ပေးနိုင်ဖို့ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲ တွေကနေ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်ကနေ ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts