spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ စစ်ရှောင်တွေအတွက် ရိက္ခာသယ်ယူဖို့ ပိုမိုခက်ခဲလာနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်မှာ ၂နှစ်နီးပါး အိုးအိမ်စွန့်ခွာ လာနေရဆဲ စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာ အထူးသဖြင့်ဆန် ဝယ်ယူမှု၊ သယ်ယူမှုတွေ မှာ ပိုမိုခက်ခဲလာနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပေးမဖြတ်တာတွေ၊ စစ်ဆေးတင်းကြပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းနဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ရှောင်ရိက္ခာကို ကူညီပေးနေတဲ့အထဲက အဖွဲ့တစ်ခုဖြစ်တဲ့ ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ (Kayanregion Rescue Committee (KRC) ) ဝင်တစ်ဦးက ရိက္ခာသယ်ယူမှု အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

“ မိုးဗြဲမှာလည်း ရိက္ခာလို့ပြောရင် ဆန်ပေါ့ အဓိက ဆန်က တော်တော်များများ မရှိတော့ဘူးပေါ့နော။ လယ်စပါးလည်း ပြန်မရသေးတဲ့ ကာလ ဖြစ်တယ်။ အဲတော့ တော်တော်များများ CSOတွေ NGOတွေကတော့ ပြည်မကနေ ဗမာဆန်တွေ ပြန်မှာကြတယ်။ ဒါပေမယ့် လမ်းခရီးအခက်ခဲကြောင့် ဆန်တွေက မရောက်လာနိုင်ဘူး။ အစစ်ဆေးတွေ ကြမ်းတယ်။ ဖမ်းဆီးတာတွေ ရှိတယ်။ လွိုင်ကော်ဖက်ကနေ တင်လာတဲ့ ဆန်တွေဆိုလို့ရှိရင်လည်း လုံးဝပေးမထွက်ဘူးပေါ့နော။ ဆန်အိတ်ဝက်လောက်ပဲပေါ့။ တစ်အိတ်၊ နှစ်အိတ်ပါရင်လည်း ရိုက်နှက်တာတွေ ရှိတယ်ပေါ့။ ပေးမထွက်တော့ဘူးပေါ့ ဆန်တွေ ပေးမထွက်ဘူး။ ဒီဖက် စစ်ရှောင်ဒေသဖက် ဆန်တွေပေးမဝင်တာတွေရှိတယ်။“ လို့ အဆိုပါ KRC ကော်မတီဝင်က ပြောပါတယ်။

ပြည်မဖက်ကနေ ဆန်သယ်ယူမှုတွေမှာလည်း ပြီးခဲ့တဲ့နှစ်တွေမှာ စစ်ကောင်စီဖက် အိတ်ပေါင်း ရာနဲ့ချီ ထိန်းသိမ်းထားလိုက်တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် ဆန်ရိက္ခာကို နည်းလမ်းပေါင်းစုံ ကနေ သယ်ယူနေကြရပါတယ်။

“ စစ်ကောင်စီက စားနပ်ရိက္ခာပစ္စည်းဖြစ်စေ ဆေးဝါးဖြစ်စေ အမိုးအကာဖြစ်စေ ပိုးပြီးတော့မှ ကြပ်တည်း ပိုပြီးတော့မှ ပိတ်ဆို့မှုတွေ လုပ်လာတယ်ပေါ့။ နောက်ဆုံး ဒီဇယ် ၊ ဓာတ်ဆီတွေကအစ ကန့်သတ်မှုတွေ ပိတ်ဆို့မှုတွေ အရမ်းကို ပြင်းပြင်းထန်ထန် လုပ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့က စစ်ရှောင်တွေအတွက် လိုအပ်တဲ့ဟာတွေ မလုံမလောက် ဖြစ်သွားတယ်ပေါ့။ အခုလည်း ပိတ်ဆို့တဲ့ အတွက်ကြောင့်မို့လို့ အဖမ်းအဆီးတွေလည်း ပိုကြပ်လာတယ်။ နောက်ပြီးတာ့မှ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ကုန်သည်တွေတောင်မှ အန္တာရာယ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ “ လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညား က ပြောပါတယ်။

ဒါ့အပြင် အရင်က ၃သောင်းခွဲကျပ်သာရှိတဲ့ ဆန်တစ်အိတ်ကို လက်ရှိမှာ ၇သောင်းခွဲအထိ ပေးဝယ်နေရပြီး တချို့နေရာမှာ ဝယ်ယူဖို့ ဆန်မလုံလောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်တဲ့ကြားက ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကလည်း အခက်ခဲထဲက တစ်ခုဖြစ်နေပါတယ်။

၂၀၂၂ အကုန် ဒီဇင်ဘာလလောက်ကတည်းက ကုန်စျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး သွားလာရေးအတွက် လောင်စာဆီတွေလည်း စျေးနှုန်း တက်လာနေပါတယ်။

ဒါ့အပြင် ကျေးရွာတချို့တွေမှာ တိုက်ပွဲတွေ ကူးစက်လာတဲ့အတွက်ကြောင့် ကျေးရွာအတွင်း အရေးပေါ်သိုလှောင်ထားတဲ့ စပါးတွေလည်း မီးလောင်ပျက်စီးသွားတာတွေ၊ ပြန်လည်သယ်ယူလို့ မရတော့တာတွေလည်း ရှိနေပါတယ်။ မြေပြင်တိုက်ပွဲ အခြေနေပေါ်မူတည်ပြီးတော့လည်း ရိက္ခာတွေကို သယ်ယူနေရတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

“ အဓိက တိုက်ပွဲဖြစ်တဲ့အချိန်မှာဆိုရင် ကျနော်တို့ သွားလို့မရဘူး။ တိုက်ပွဲငြိမ်တဲ့အချိန်မှာ ကျနော်တို့ သွားရတာပေါ့နော။ မြေပြင်အခြေအနေပေါ်မူတည်ပြီးတော့မှ ကျနော်တို့ သယ်သွားသယ်လာရတယ်။ မြေပြင်မှာ အစစ်ဆေး တအားကြမ်းတယ်ဆိုရင်တော့ ကျနော်တို့ အဲဒါကို မသယ်ဖြစ်ဘူး။ စစ်ဆေးနည်းနည်းလျော့နေတဲ့အချိန်မှာ ကျနော်တို့သယ်ရတာမျိုးတွေ ရှိတယ်ပေါ့နော။ “

ကရင်နီပြည်က စစ်ရှောင်တွေဟာ တစ်နေရာပြီး တစ်နေရာ ထပ်ဆင့်ရွေ့ပြောင်းစစ်ရှောင်နေကြသူတွေရှိသလို ရောက်ရှိတဲ့ စစ်ရှောင်ဒေသတွေမှာ စိုက်ပျိုးနိုင်ခြင်းမရှိတော့တာတွေလည်း ရှိနေတဲ့အတွက် အလှူရှင်ရဲ့ ထောက်ပံ့မှုကိုသာ အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။

(၃)လတစ်ကြိမ်သာ အလှူရှင်ရောက်ရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ အလှူရှင်တစ်ဖွဲ့မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန်ထောက်ပံ့မှုပေးစဉ်။
ဓါတ်ပုံ – CJ

စတင်စစ်ရှောင်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်လောက်မှာတော့ စစ်ရှောင်တွေကို ပုံမှန်ထောက်ပံ့မှုတွေ ပေးကြတာတွေရှိခဲ့ပေမယ့် လက်ရှိမှာ ပုံမှန်မပေးဝေနိုင်ကြတော့တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ KRC ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

“ အလွန်ဆုံး ၂ပြည်နှုန်းလောက်ပဲ ပေါ့နော။ လူတစ်ဦးကိုတစ်လ ၂ ပြည်နှုန်းပဲ ဝေပေးနိုင်တယ်
နောက်ပိုင်း မဝေပေးနိုင်တော့ဘူး။ ကျန်တဲ့အဖွဲ့အစည်း အသင်းအဖွဲ့တွေလည်း အရင်လိုမျိုး မဝေနိုင်တော့ဘူး။ အခုကတော်တော်များများ တော့ စစ်ရှောင်တွေက သူတို့ ကံကြမ္မာ သူတို့ ဖန်တီးနေကြတာပေါ့။ “

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ်တွေနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တွေမှာ စစ်ရှောင်အများစု တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ကရင်နီပြည်မှာ စစ်ရှောင်နှစ်နှစ်ကာလအတွင်း လူဦးရေ ၂သိန်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts