spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ပိုက်ဆံရှိတိုင်း ရိက္ခာဝယ်လို့မရတော့ဘူးလို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာရှိတဲ့ လူထုတွေဟာ ပိုက်ဆံရှိနေရင်တောင် ရိက္ခာတွေကို အလွယ်တကူ ဝယ်ယူလို့မရနိုင်တော့ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပိုက်ဆံရှိတိုင်း ဝယ်လို့မရတဲ့အခြေအနေရှိတယ်။ ဒါကတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့်လို့ လုံးဝပြောလို့ရတာပေါ့‌နော်။ နောက်တခုက စျေးလည်း အရမ်းကြီးသွားလို့လည်း ပါတာပေါ့နော်။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာတော့ တချို့စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်တာတွေရှိနေပေမဲ့ လုံးဝ ငတ်ပြတ်တဲ့ အဆင့်ထိမရောက်သေးဘူးလို့ ဦးဗညားက ပြောပါတယ်။

တချို့သော စစ်ရှောင်စခန်းတွေဟာ ဝေးလံပြီး လမ်းပန်းခရီး ခက်ခဲတာကြောင့် ရိက္ခာတွေပို့ဆောင်လို့မရသလို၊ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးတာ၊ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတာတွေကြောင့် စစ်ရှောင်စခန်းတွေဆီကို ရိက္ခာတွေ မပို့ဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

“ဆန်က ပုံမှန် စျေးဆို ၉၀၀၀၀ ဝန်းကျင်ပဲ ရှိတာ။ ခုဆို ၁၅၀၀၀၀ ဝန်းကျင် လောက်ရှိသွားပြီ။ ဒါတောင် ရှာဝယ်လို့ မရတော့ဘူး” လို့ ဖရူဆို စစ်ရှောင်တဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာတော့ ဒီးမော့ဆိုမြို့နယ်ဟာ စစ်ဘေးရှောင် အများဆုံးရှိနေတဲ့မြို့နယ်ဖြစ်ပြီး၊ စစ်ဘေးရှောင်စခန်းတွေကို အလှူရှင်တွေရဲ့ ရိက္ခာထောက်ပံ့နိုင်မှုကလည်း အားနည်းလာတယ်လို့ ဆိုပါတယ်။
အရေးပေါ် လိုအပ်နေတဲ့ဖက်ကို ဦးစားပေး ဝေငှတာတွေကြောင့်လည်း စစ်ရှောင်စခန်းတိုင်းလိုလိုမှာ ရိက္ခာလိုအပ်ချက်တွေရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်အမျိုးသမီး တဦးကပြောပါတယ်။

“ကျမတို့ဒီနေတဲ့ဖက်မှာ လူဦးရေ က ၄၇၀၀ ကျော်တာပေါ့နော်။ ဆိုခါကျတော့ ဟို ဘယ်အဖွဲ့မဆို လာမယ်ဆိုလို့ရှိရင် သူတို့ စားနပ်ရိက္ခာမလောက်တာနဲ့ စခန်းနည်းတဲ့ဖက်ကို ပေးပေးလိုက်တာပေါ့နော်။ အဲ့လိုမျိုးဆို စခန်းနည်းတဲ့ဖက်ဆို အမြဲတမ်းလိုလိုရတယ် ဆန်တို့ဆို။ ကျမတို့က စခန်းတအားများခါကျတော့ လူဦးရေများခါကျတော့ သူများကျော်ကျော်သွားတယ်”လို့ ဒီးမော့ဆိုစစ်ရှောင် အမျိုးသမီးတဦးက ဆိုပါတယ်။

ရိက္ခာလိုအပ်ချက်တွေများလာတာကြောင့် တချို့စစ်ရှောင်စခန်းတွေမှာ အချင်းချင်း ချေးငှားစားသောက်ရတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိ စစ်ရှောင်တွေအတွက် အရေးပေါ် ရိက္ခာကူညီပေးနိုင်ဖို့ IEC ကနေ စီစဉ်ဆောင်ရွက်ပေးထားတာရှိပြီး။ အရေးပေါ်အခြေအနေတွေမှာ အကူညီတောင်းခံလို့ရကြောင်း ဦးဗညား ကဆက်ပြောပါတယ်။

“ကျနော်သိတဲ့ အသိတချို့ရှိတယ် သွားတောင်းရမှာ ရှက်လို့တဲ့ ။ ဒါ ပွင့်ပွင့်လင်းလင်းပဲလေ။ သွားတောင်းရမှာရှက်တယ်ဆိုတော့ တကယ်တအားခက်ခဲမှဘဲ သွားတောင်းတာရှိတယ်။ ရှိပါတယ် ဆန်အရေးပေါ် လိုအပ်ချက် တောင်းထားလို့ရပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်းခွဲရှိနေပြီး အများစုက ဒီးမော့ဆိုမြို့နယ်မှာ ရှိနေကြတယ်လို့ လူမှုအသင်းအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

spot_img
spot_img

Recent posts